ဂျာမဏီမှာ လုပ်မယ့် မြန်မာနိုင်ငံ အပြောင်းအလဲဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ
2011.05.01

ဒီပွဲမှာ မြန်မာနိုင်ငံက လွှတ်တော်မှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ ပြောရေးဆိုခွင့် ရမရ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်၊ မြန်မာနိုင်ငံရဲ့ အလားအလာ၊ အစိုးရအဖွဲ့တွင်းက တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြမှာ ဖြစ်သလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ EU ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု ဆက်လက် ထားရှိသင့် မသင့်ကိုလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က နိုင်ငံခြားရေးဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က RFA ကို အခုလို ပြောပါတယ်။
“ကျနော်နဲ့ ဧရာဝတီ ဦးအောင်ဇော်ကတော့ လူ့အခွင့်အရေး ရှုထောင့်ဘက်က၊ နောက်တခါ ဒီမိုကရေစီ လှုပ်ရှားတဲ့ အတိုက်အခံ အင်အားစုတွေ ရှုထောင့်ဘက်က ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ် သုံးဦးကတော့ မြန်မာနိုင်ငံပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုမှာ နိုင်ငံရေးအရ မတိုးတက်လာရင် သူတို့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ပြန်ပြီး ရုတ်သိမ်းသင့်တယ် ဆိုတဲ့ဘက်က ဆွေးနွေးမယ်လို့ ကျနော်တို့ သိထားပါတယ်”
ဒီပွဲမှာ တက်ရောက်ဆွေးနွေးမယ့် မြန်မာကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ချင်းတိုးတက်ရေးပါတီက ဦးရှင်ထွန်း၊ မြန်မာအီးဂရက်စ် အဖွဲ့ခေါင်းဆောင် ဒေါက်တာနေဝင်းမောင်၊ Euro-Burma ရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ၊ ပြည်ပအခြေစိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က နိုင်ငံခြားရေးဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်နဲ့ ဘာလင်အခြေစိုက် Burma Project အဖွဲ့က ဦးခင်မောင်ရင် တို့ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ဂျာမဏီအခြေစိုက် Burma Initiative Asiahouse အဖွဲ့နဲ့ မြန်မာပရိုဂျက်-ဘာလင် အဖွဲ့က စီစဉ်ကျင်းပမှာ ဖြစ်ပြီး ဂျာမန်လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက အဖွင့်မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်ကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |