နိုင်ငံရေးအကျဉ်းသား လွှတ်ပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ဦးတင်ဦး တိုက်တွန်း
2011.09.21

(Photo: AFP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုံမြို့နယ် စည်းရုံးရေး ကော်မတီရုံးမှာ ဒီကနေ့ မနက် ၉ နာရီခွဲကနေ စတင် ကျင်းပတဲ့ ဒီအခမ်းအနားကို NLD ဗဟို အလုပ်အမှုဆောင်တွေ အပါအဝင် NLD အဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ၈၈-မျိုးဆက် ကျောင်းသားတွေ၊ စိတ်ပါဝင်စားသူတွေနဲ့ ဖိတ်ကြားခံရသူတွေ ၂၀၀ ဝန်းကျင်လောက် တက်ရောက်ပါတယ်။
အလုံမြို့နယ် လူငယ်များနဲ့ ၂၀၀၇ ခုနှစ် အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားသူ လူငယ်များ တိုင်ပင် ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း၊ ဦးတင်ဦး၊ ဦးလှဖေ၊ ဦးဝင်းတင်၊ ဒေါ်မေဝင်းမြင့် အစရှိတဲ့ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း၊ အခမ်းအနား အပြီးမှာ Save The Irrawaddy လက်ကမ်းစာစောင်၊ လက်မောင်းမှာကပ်တဲ့ Sticker တွေကို ဝေငှပေးခဲ့ကြောင်း၊ အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားသူတွေက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် သော့ချိတ်များကို ဝေငှခဲ့ကြကြောင်း အခမ်းအနားကို ဦးဆောင် ကျင်းပသူတဦး ဖြစ်တဲ့ NLD အလုံမြို့နယ် လူငယ် စည်းရုံးရေး ခေါင်းဆောင် ကိုလူမော်လတ်က RFA ကို ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကျင်းပဖို့ ကုလသမဂ္ဂက ၁၉၈၁ ခုနှစ်မှာ ဆုံးဖြတ်ချက် ချခဲ့ပြီး ၁၉၈၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ စက်တင်ဘာလ ၂၁ ရက် နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အဖြစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံက သတ်မှတ်ခဲ့ပြီး ကမ္ဘာအရပ်ရပ်မှာ နှစ်စဉ် ကျင်းပပါတယ်။
ဒီ ငြိမ်းချမ်းရေးနေ့ဟာ နိုင်ငံရေးအရ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ အပစ်အခတ် ရပ်စဲတဲ့နေ့၊ ရန်ငြိုးတွေ ချုပ်ငြိမ်းတဲ့နေ့ ဖြစ်ပြီး ဒါကို အခွင့်အလမ်း တရပ်အဖြစ် ရယူရင်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လည်း ကုလသမဂ္ဂက နိုးဆော်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |