နိုင်ငံတကာ ရွှေ့ပြောင်းသူများနေ့ အခမ်းအနား ကျင်းပ


2015.12.18
international-migrants-day-620.jpg မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ကကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားမှာ ထွယ်ဂျဲန်ဒါအဖွဲ့က ဒေါ်ဂျာခေါန်က ထုတ်ပြန်ချက်ကို ဖတ်ကြားစဉ်
Photo: Kyaw Myo Min/RFA

ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ  ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းများကွန်ရက်က အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ထွယ်ဂျဲန်ဒါအဖွဲ့ က ဦးဆောင်ပြီး ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ထွယ်ဂျဲန်ဒါအဖွဲ့က ဒေါ်ဂျာခေါန်က ထုတ်ပြန်ချက်ကို  ဖတ်ကြားခဲ့ပါတယ်။

"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသို့ နံပါတ်(၁) ရွှေ့ပြောင်းအလုပ်သမားများနဲ့ ၎င်းတို့မိသားစု များ၏ အခွင့်အရေးများကို အာမခံချက်ပေးနိုင်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးများ ကာကွယ် မှုဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် ICMW အတည်ပြု လက်မှတ်ရေးထိုးပေးရန်၊ နံပါတ် (၂) ရွှေ့ပြောင်းအလုပ်သမားများသည် ကုန်ကျစရိတ်သက်သာပြီး ဘေးကင်းလုံခြုံစိတ်ချသည့် နည်းလမ်း များဖြင့် ရွှေ့ပြောင်းသွားလာနိုင်ရန်အတွက် ဦးစားပေးဆောင်ရွက်ပေးရန်"

ဒါ့အပြင် အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဋ္ဌာနနဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့ကတဆင့် လုပ်သားစုဆောင်းသူတွေဟာ ရွှေ့ပြောင်းလုပ်သားတွေဆီကနေ ဝန်ဆောင်ခ ကောက်ယူ တာတွေ ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒီနေ့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အခွင့်အရေးများ ကာကွယ်မှုဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် ICMW ကို နိုင်ငံပေါင်း ၄၆ နိုင်ငံ ပါဝင်လက်မှတ်ရေး ထိုးထားတဲ့ ၂၅နှစ်ပြည့် အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်။

အဲ့ဒီသဘောတူစာချုပ်ကို ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က အစပြုပြဋ္ဌာန်းခဲ့ပြီး လက်ရှိအချိန်အထိ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၄၆ နိုင်ငံရှိပါတယ်။

ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ကျင်းပတဲ့ အခမ်းအနားကို (United -ACT) က ငွေကြေးအကူအညီပေးခဲ့ပြီး ဝတ်ပြုဆုတောင်းတာ၊ တေးသီချင်းဖျော်ဖြေတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခန်းအနားကို ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည် နှစ်ရာကျော် ပူးပေါင်းပါဝင်ခဲ့ပါတယ်။

အလားတူ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ရပ် ကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာလဲ ကျင်းပခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မြန်မာနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ မဟာချိုင်မြို့က အလားတူ အခမ်းအနားအကြောင်းကိုတော့ အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် က ပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။