ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးဖို့ ချီတက်တောင်းဆို
2015.09.21

အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားကျောင်း သူတွေကို လွှတ်ပေးဖို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ စုပေါင်းချီတက်လမ်းလျှောက် သူတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လိုအပ်နေတဲ့အတွက် ချီတက်ဆုတောင်းတာဖြစ်တယ်လို့ အဲဒီလမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။
"ဒီမိုကရေစီ အခွင့်အရေးတွေရဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ကင်းစင်ဖို့ရော ကျနော်တို့ ဖွဲ့စည်းပုံကို မဖြစ် မနေပြင်ကြရပါမယ်၊ ဒီကနေ့ဟာ ငြိမ်းချမ်းရေးတစ်ခုထဲ မဟုတ်ဘဲနဲ့ လွတ်လပ်ခွင့်ကိုရော ပြောတဲ့ အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ကျနော်တို့ ခွန်စိုက်အားစိုက်ပါဝင်ပါတယ် ၊ နောက်ကျလည်း လုပ်ကြရပါဦးမယ်၊ အခုတိုင်းပြည်မှာ အာရုံအများဆုံးဖြစ်စေတဲ့ကိစ္စ ရွေးကောက်ပွဲမှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တယ်ဆိုတာ ကျနော်တင်ပြပြီးပါပြီ၊ ပြည်တွင်းငြိမ်းချမ်းရေး လက်နက်ကိုင်တိုက်ပွဲတွေကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲဟာ အနည်းနဲ့အများ လိုသလိုပုံသွင်းလို့မရအောင် ကျနော်တို့ဘက်က ရပ်ခံရပါမယ်၊ ကျနော်တို့တိုင်းပြည်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတီးလုံး၊ စစ်မှန်တဲ့ ဒီမိုကရေစီကကွက်ဖြစ်ဖို့အတွက် ကျနော်တို့အားလုံး ဉာဏ်မျက်စိသတိကြီးကြီးနဲ့ ပူးပေါင်းကြပါစို့လို့ တိုက်တွန်းရင်းသုံးသပ်ပါတယ်"
လူငယ်တွေ နဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အကျဉ်းကျနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး ရန်ကုန်မြို့ မြေနီကုန်းကနေ အင်းလျားကန်ဘောင်အထိ လမ်းလျှောက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ တောင်းဆိုချက်တွေထဲမှာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်ပေးဖို့၊ လူမျိုးရေးဘာသာရေး ခွဲခြားကန့်သတ်မှုဖြစ်စေတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့တို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
နှစ်စဉ် စက်တင်ဘာလ ၂၁ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ကုလသမဂ္ဂက လွန်ခဲ့တဲ့ ၁၉၈၂ ခုနှစ်က တရားဝင်သတ်မှတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။