နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားတွေ ကျင်းပ


2014.03.14
salween-305.jpg ရေကာတာ တည်ဆောက်မယ့် သံလွင်မြစ် တစ်နေရာကို တွေ့ရစဉ်
photo: Nay Thwae

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့ ဘီလူးကျွန်းအနီး သံလွင်မြစ်သောင်ပြင်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

သံလွင့်မြစ်ပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာတွေ ရပ်တန့်ပေးဖို့အတွက် မော်လမြိုင်မြို့က အရပ်ဘက်လူမှုအဖွဲ့အစည်း နှစ်ဆယ်ကျော် က တောင်းဆိုလိုက်ကြောင်း အခမ်းအနားကို ဦးဆောင်စီစဉ်တဲ့ မွန်ပြည်နယ် လူမှုကွန်ရက်က ကိုကြည်ဇော်လွင်က ပြောပါတယ်။

"ကျနော်တို့ အောက်ဖက်မှာဆိုရင်တော့ ရေငန်ဝင်တာတွေ ကြုံနေရပြီ၊ နောက် သဲသောင်ပြင်တွေ အလွန်ပေါနေပြီပေါ့နော်၊ မြစ်တွေကောလာတော့ သွားလာရခက်ခဲတာတွေရှိတယ်၊ မြစ်ပေါ်မှာ မှီတင်နေရတဲ့ ဒေသခံတွရဲ့ စားဝတ်နေရေး အခက်အခဲ ရှိလာတဲ့အနေအထား ဖြစ်လာတယ်၊ ဒါက သံလွင်မြစ်ရေကာတာ ကြီးကြီးမားမား ဆောက်ရသေးတာမဟုတ်ဘူး၊ ဆောက်ပြီးရင်တော့ ဒီ့ထက်ပိုဆိုးတဲ့ အခြေအနေ ကြုံလာတောမှာပေါ့နော်၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လုပ်ရခြင်းဖြစ်ပါတယ်"

အလားတူ အခမ်းအနားတွေကို ရန်ကုန်နဲ့ မြစ်ကြီးနားမြို့တွေမှာလည်း ဒီနေ့ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ အခမ်းအနားမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေဖြစ်ကြ တဲ့ ဦးအုန်း၊ဒေါက်တာဦးထွန်းလွင်၊ ဦးဝင်းမျိုးသူ၊ ဦးစိုးသူရထွန်းတို့က မြစ်ချောင်းတွေမှာ ရေကာတာတွေဆောက် ပြီး ရေအားလျှပ်စစ်ထုတ်ယူတဲ့ စီမံကိန်းတွေရဲ့ ဆိုးကျိုးတွေအကြောင်း  ဟောပြောခဲ့ကြပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံဒေသမှာလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက နိုင်ငံတကာ မြစ်ချောင်း များနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

မြစ်ချောင်းတွေအပေါ်မှာ အစိုးရက ဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေလုပ်ဆောင်ရာမှာ သဘာဝသယံဇာတတွေ မပျက်စီးစေဖို့ သေချာစိစစ်ပြီး လုပ်ဆောင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်းများနေ့မှာ  တိုက်တွန်းပြောဆိုကြပါတယ်။


ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။