အရပ်သားပစ်မှတ်တွေ တိုက်ခိုက်ခံနေရတာ နိုင်ငံတကာသိအောင်လုပ်ဖို့ NUG ပြော

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.04.18
အရပ်သားပစ်မှတ်တွေ တိုက်ခိုက်ခံနေရတာ နိုင်ငံတကာသိအောင်လုပ်ဖို့ NUG ပြော ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ဆန္ဒပြသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည့် စစ်သားများ။
AFP

မြန်မာ့နိုင်ငံရေးပြဿနာဟာ နိုင်ငံနှစ်ခုကြားဖြစ်နေတဲ့ တိုက်ခိုက်မှုမဟုတ်လို့ နိုင်ငံတကာက အာရုံစိုက်ပြီးကူညီလာအောင် အရပ်သားတွေ ဘယ်လောက်အထိ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်ဆိုတာကို နိုင်ငံတကာက သိအောင်လုပ်ဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ကပြောပါတယ်။

ဧပြီလ ၁၈ ရက်နေ့ ဒီနေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ကပြောလိုက်တာပါ။

"မတရားမှုတွေကြောင့်ပဲ အရပ်သားပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ ချစ်လှစွာသော သားသမီး၊ ခင်ပွန်း၊ ဇနီးနဲ့ ညီအကို မောင်နှမတွေကို ဆုံးရှုံးနေရပါတယ်။" 

"မတရားမှုတွေကြောင့်ပဲ အရပ်သားပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ ချစ်လှစွာသော သားသမီး၊ ခင်ပွန်း၊ ဇနီးနဲ့ ညီအကို မောင်နှမတွေကို ဆုံးရှုံးနေရပါတယ်။" လို့ ယာယီသမ္မတ ကပြောပါတယ်။

စစ်ကောင်စီက အရပ်သားတွေအပေါ် နေ့စဉ်အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကို ကာကွယ်ပေးနိုင်ဖို့ ကုလပဋိညာဉ်စာချုပ် အခန်း(၇) ပါအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့ ပိုမိုကြိုးပမ်းလုပ်ဆောင်ကြမယ်လို့လည်း ဒူဝါလရှီးလ ကပြောပါတယ်။

ကုလပဋိညာဉ်စာချုပ် အခန်း(၇)မှာ နိုင်ငံတကာငြိမ်းချမ်းရေးချိုးဖောက်မှုအတွက် လုံခြုံရေးကောင်စီက စစ်ရေးအပါအဝင် တခြားသော အရေးယူ ဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အစုလိုက်အပြုံလိုက် လူသေဆုံးခဲ့မှုလို ဖြစ်ရပ်တွေရှိခဲ့ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးနေတာကြောင့် လူထုနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စိတ်အားမလျော့ကြဖို့ ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်လို နေရာမှာတောင် တော်လှန်ရေးအင်အားစုတွေက ခြိမ်းခြောက်နိုင်ခဲ့တာ၊ စစ်အခြေစိုက်စခန်းတွေနဲ့ အရေးကြီးနေရာတွေကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲတွေလည်း နေ့စဉ်ရှိနေတယ်လို့လည်း သူကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။