တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မှာ အင်တာနက်လိုင်း ပြတ်တောက်နေ

RFA Burmese
2024.01.19
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မှာ အင်တာနက်လိုင်း ပြတ်တောက်နေ ရခိုင်ပြည်နယ်တွင် ဖုန်းနှင့် အင်တာနက် သုံးနေသူတစ်ဦးကို မြင်ရစဥ်။
Photo: RFA

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် အားလုံးမှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဒေသခံတွေက RFAကိုပြောပါတယ်။

ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနဲ့ စစ်တွေ အပါအဝင် မြို့နယ်တချို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာလို့ ဆိုပါတယ်။

စစ်တွေမြို့ပေါ်မှာတော့ Mytel တစ်ခုသာ ဖုန်းလိုင်းရပြီး MPT၊ Atom၊ Ooredoo စတဲ့ အော်ပရေတာတွေကတော့ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ မရတော့သလို မြို့တွင်း အသုံးပြုနေတဲ့ ဖိုင်ဘာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ စစ်တွေ မြို့ခံတစ်ဦးကပြောပါတယ်။

“အခု စစ်တွေမှာတော Mytel ဖုန်းလိုင်းတစ်ခုပဲ ရတော့တယ်။ အင်တာနက်တော့ သုံးလို့မရဘူး။ တခြားဟာတွေကတော့ ဖုန်းလိုင်းပါ ပြတ်သွားပြီ။ ဖိုင်ဘာ အင်တာနက်လိုင်းတွေလည်း မရဘူး။ အခြားမြို့တွေကို ဆက်သွယ်ကြည့်တော့လည်း ဖုန်းဆက်လို့ မရတော့ဘူး”

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမြို့နယ်တွေက ဒေသခံတွေကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ဇန်နဝါရီလ ၁၈ ရက် မနေ့ကတော့ မင်းပြားနဲ့ ကျောက်တော်က ဒေသခံတချို့နဲ့ ဖုန်းအဆက်အသွယ်ရခဲ့ပြီး Mytel အော်ပရေတာတစ်ခုသာ တောင်ပေါ်တွေနဲ့ ကုန်းမြင့်တွေက နေရာတချို့မှာသာ ဖုန်းလိုင်းရတာရှိတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က ဆက်သွယ်ရေးအော်ပရေတာတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးကတော့ စစ်ကောင်စီက ဖုန်းလိုင်းတွေကို ဖြတ်တောက်ခိုင်းထားတာ မဟုတ်ဘဲ ဒေသတွင်းဝန်ထမ်းတွေ စစ်ဘေးကြောင့် ထွက်ပြေးနေကြရတဲ့အတွက် တာဝါတိုင်တွေ အလုပ်မလုပ်နိုင်တော့တာလို့ RFA ကိုပြောပါတယ်။

ကျောက်တော်မြို့အနီးမှာလည်း လက်နက်ကြီးကြောင့် ဖိုင်ဘာကြိုး ပျက်စီးသွားပြီး အဲဒီကြိုးနဲ့ ဆက်စပ်နေတဲ့ ဖိုင်ဘာ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်သွားတာလို့ စစ်တွေမြို့မှာ ဖိုင်ဘာ အင်တာနက် လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အချိန် နှစ်လကျော်အတွင်းမှာလည်း ရခိုင်ပြည်နယ်က ကုန်းလမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။