မြို့နယ် ကိုးခုမှာ ဖုန်းအင်တာနက် အသုံးပြုခွင့်ပေးဖို့ အရေးကြီးအဆို ပယ်ချခံရ
2019.07.18

ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အင်တာနက်လိုင်းတွေ ယာယီဖြတ်တောက်ထားတာကို အမြန်ဆုံးပြန် ဖွင့်ပေးဖို့အတွက် ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြည်သူ့လွှတ်တော်ထံ အရေးကြီးအဆိုတင်သွင်းရာမှာ ပယ်ချခံလိုက်ရပါတယ်။
အဲဒီအရေးကြီးအဆိုကို လွှတ်တော်ထဲမှာဆွေးနွေးခွင့်ရဖို့ လွှတ်တော်ဥက္ကဋ္ဌဆီကို မနေ့ကတည်းက တင်ပြ လိုက်ပေမယ့်လည်း ဒီကနေ့မနက် လွှတ်တော်အစည်းအဝေးမစတင်ခင် ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးက ဒေါ်ခင်စောဝေ ကိုခေါ်ပြီး အဲဒီအဆိုကို လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးခွင့်မပြုဘူးလို့ ပြောလိုက်တာဖြစ်ပါတယ်။
ဘာကြောင့်ခွင့်မပြုတာလဲဆိုတဲ့ အသေးစိတ်အကြောင်းပြချက်ကိုတော့ မသိရသေးဘူးလို့ ဒေါ်ခင်စောဝေ က ပြောပါတယ်။
ဒီအဆိုကို ပယ်ချလိုက်တာနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကို RFA က ဖုန်းနဲ့ဆက်သွယ် ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
တပ်မတော်နဲ့ AA တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ MPT၊ Ooredoo၊ Telenoor၊ Mytel ကုမ္ပဏီတွေက မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေ အသုံးပြုခွင့် ယာယီဖြတ်တောက် ထားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
အဲဒီအရေးကြီးအဆို ပယ်ချခံလိုက်ရတာနဲ့ပတ်သက်ပြီး ဒေါ်ခင်စောဝေက
"မနေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆီတင်တယ်၊ ဒီနေ့မနက်မှာပဲ ညွှန်ချုပ်ကခေါ်ပြောတယ်။ ဒီအဆိုက ဥက္ကဋ္ဌ ကိုယ်တိုင်က ဆွေးနွေး ခွင့်မပေးလို့ ခေါ်ပြောတယ်၊ အရေးကြီးအဆိုက လွှတ်တော်မှာ တင်သွင်းခွင့်မရလိုက်ဘူးပေါ့၊ အစိုးရက လုပ်ထားတယ်ဆိုပေမယ့် လည်း လွှတ်တော်အတွင်းမှာပဲ ဆွေးနွေးခွင့်ပေးလည်းရတာပဲလေ၊ လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်လို့ပဲမြင်ပါတယ်"
အင်တာနက်လိုင်းတွေ ပိတ်ထားရတဲ့အကြောင်းရင်းမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ဆိုပေမယ့်လည်း လုံလောက်မှု မရှိကြောင်း၊ လက်ရှိဒေသတွင်းမှာ သဘာဝဘေးအန္တရာယ်ကို ခံစားနေကြရသလို တည်ငြိမ်အေးချမ်းမှုမှာ ပိုမိုဆိုးရွာနေတာကို တွေ့မြင်နေရတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကလည်း ပြောကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်သူ ၅ သောင်းခန့်ရှိနေပြီး သဘာဝဘေးဒဏ်လည်း ခံစားနေကြရတာမို့ ကယ်ဆယ်ရေးပိုင်းမှာ အင်တာနက်အွန်လိုင်း အသုံးပြုခွင့်မရဖြစ်နေတာကြောင့် အခက်အခဲတွေလည်း ကြုံတွေ့နေရတာဖြစ်တယ်လို့ ဖြူစင်မေတ္တာပရဟိတအသင်းဥက္ကဋ္ဌ ဦးညီပု က ပြောပါတယ်။
"သူတို့ဖာသာဖြစ်တာဖြစ်ကြပါလား၊ ဘာမှမဆိုင်တဲ့ ဒီပြည်သူတွေကို လုပ်လာတယ်ဆိုတော့ မခံနိုင်ဘူးပေ့ါနော်၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငွေလွှဲတဲ့အပိုင်းတွေက လျော့ကျသွားတယ်၊ နိုင်ငံရေးပြဿနာတွေကတော့ လျော့ကျတာမမြင်ဘူး၊ လူတစ်ဦးတစ်ယောက်ကိုလုပ်လာပြီဆိုရင် ပေါက်ကွဲ တတ်တဲ့ဆန္ဒတွေရှိ လာတတ်တယ်၊ ထိန်းချုပ်မှုက ထပ်ပြီးတော့ မပေါက်ကွဲအောင် အဲလိုထိန်းချုပ်မှုမျိုးတော့ မထင်ပါဘူး’’
ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် တစ်နေရာကနေတစ်နေရာကို ငွေလွှဲပေးဖို့အတွက်လည်း အခက်အခဲတွေကြုံရသလို စီးပွားရေးပိုင်းမှာလည်း အခက်အခဲတွေဖြစ်နေတယ်လို့ ပြောကြပါတယ်။
အင်တာနက်လိုင်းမရှိတဲ့အခါ အထောက်အထားတွေ ဖော်မပြနိုင်တော့ဘူးပေ့ါ၊
တိုက်ပွဲတွေကြောင့် တစ်နေရာနဲ့တစ်နေရာ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ မသိနိုင်ကြတဲ့အတွက် သတင်းအမှောင်ချထား သလို ဖြစ်နေတယ်လို့ ရသေ့တောင်မြို့နယ် စေတီပြင်ရွာက ဦးစောဝင်းက ပြောပါတယ်။
"သတင်းအမှောင်ချထားတာတွေ ကြုံရတာပေါ့၊ ဘူးသီးတောင် မြို့နယ် သျှိရှားတောင်မှာ အိမ်တွေမီးရှို့ခံရတာပေါ့၊ အင်တာနက်လိုင်းမရှိတဲ့အခါကျတော့ အထောက်အထားတွေ ဖော်မပြနိုင်တော့ဘူးပေ့ါ၊ ရေဘေးဒုက္ခသည်တွေကအစ အဆက်အသွယ်တွေမရ ပိုခက်ခဲသွားတာပေါ့"
အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးဖို့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး ပြည်ထောင်စုအစိုးရကိုတိုက်တွန်းထားပါတယ်။
အင်တာနက်လိုင်းတွေဖြတ်တောက်ထားလို့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။
(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)