သြဂုတ်လကုန်ထိ ရခိုင်ပြည်နယ် မြို့နယ် ခုနှစ်ခုမှာ အင်တာနက်ဖြတ်ထားမည်

သက်စုအောင် ၊သီဟထွန်း
2020.06.10

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ခုနှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ ဆက်သွယ်ရေး ဥပဒေအရ အများပြည်သူအကျိုးကို မထိခိုက်ဘူးလို့ သုံးသပ်နိုင်တဲ့ အချိန်မှာသာ အင်တာနက် ပြန်ဖွင့်ပေးမှာဖြစ်ပြီး လောလောဆယ် သြဂုတ်လ ၁ ရက်နေ့ထိ အင်တာနက် ဖြတ်တောက်ထားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ အင်တာနက်ပိတ်ထားတာ ဘယ်တော့ ပြန်ဖွင့်ပေးမလဲ မေးခွန်းအပေါ်  ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ဖြေကြားခဲ့တာပါ။

"ရခိုင်ပြည်နယ် အင်တာနက်ပိတ်တာကတော့ ဟိုအစကတည်းကပြောရရင် ၂၀၁၉ ဇွန်လ လောက်ကတည်းက စတာပေါ့။ စပြီးတော့ မြို့ ကိုးမြို့မှာ ပိတ်တယ်။ ပြန်ဖွင့်ပေးလိုက်တယ်၊ တချို့မြို့တွေ ပြန်ပိတ်တယ်ပေါ့၊ နောက်ဆုံးအခြေအနေကတော့ မောင်တောမှာ ပြန်ဖွင့်ပေးလိုက်တယ်။ ကျန်တဲ့ မြို့နယ်တွေ ကိုတော့ ၁ ရက် ၈ လ အထိပိတ်ထားဖို့ ဆိုပြီးတော့ ဒါညွှန်ကြားထားတယ်ပေါ့။ ဒါတွေကလည်း ခုနကဒီ ကျတော်တို့ရဲ့ ဆက်သွယ်ရေး ဥပဒေအရ အများပြည်သူအကျိုးကို ထိခိုက်နေတဲ့ အခြေအနေမျိုး ဖြစ်နေလို့ ပိတ်ထားတာ ဖြစ်တဲ့အတွက် အများပြည်သူ အကျိုးကို မထိခိုက်ဘူးလို့ သုံးသပ်နိုင်တဲ့ အချိန်ကျရင်တော့ ပြန်ဖွင့်မှာပါ။ ဒါပေမဲ့ ခုလောလောဆယ် အထိတော့ ၁ ရက် ၈ လအထိပဲ ပိတ်ထားတာပါနော်။ အခြေအနေကြည့်ပြီးတော့ ဒါထိခိုက်မှုတွေမရှိတော့ဘူး သက်သာလာပြီ လျော့နည်းလာပြီဆိုရင် ပြန်ဖွင့်သွားမှာပါ။"


ရခိုင်မြောက်ပိုင်းမှာရှိတဲ့  ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ အင်တာနက် ပိတ်ခံထားရတာဖြစ်ပါတယ်။

အစိုးရက ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် လုံခြုံရေး အကြောင်းပြချက်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ကိုးခုမှာ အင်တာနက်ပိတ်ခဲ့ပါတယ်။

အဲဒီနောက် နှစ်လကျော်အကြာမှာ မြို့နယ်တစ်ချို့ကို ပြန်ဖွင့်ပေးခဲ့ပြီး ဒီနှစ် ဖေဖော်ဝါရီလထဲမှာ ပြန်ဖွင့်ပေးတဲ့ မြို့နယ်တွေကို အင်တာနက် ပြန်ပိတ်ခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ လထဲမှာတော့ မောင်တောမြို့နယ်မှာ အစိုးရက အင်တာနက် ပြန်ဖွင့်ပေးခဲ့ပြီး လက်ရှိမှာတော့ ရခိုင်ပြည်နယ်က မြို့နယ် ခုနှစ်ခုမှာ အင်တာနက် ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။ အလားတူ တိုက်ပွဲတွေ မကြာခဏဆိုသလိုရှိနေတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာလည်း အစိုးရက အင်တာနက်ဖြတ် ထားပါတယ်။

အင်တာနက် ဖြတ်တောက်ခံရတဲ့အတွက် ကိုရိုနာဗိုင်းရပ်အန္တရာယ် ကာကွယ်ရေး ဆောင်ရွက်တဲ့ အခြေအနေတွေ သတင်းတွေကို အချိန်နဲ့တပြေးညီ သိခွင့်မရသလို တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း သိခွင့်မရကြတဲ့အတွက် အင်တာနက် ကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ဒေသခံတွေက ဆန္ဒရှိနေကြတယ်လို့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"တိုက်ပွဲအခြေအနေအရ ဒါ အေးချမ်းလုံခြုံမှ ဆိုတာတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့် ကျမှတို့ကတော့ ကိုဗစ် 19 ရောဂါကာကွယ်ဖို့ရယ် နောက်တစ်ခါ တိုက်ပွဲတွေဖြစ်တဲ့အတွက် အချိန်နဲ့ တပြေးညီ သိရှိဖို့ရယ် နောက်တစ်ခါ ကျမတို့ ဒီဝန်ထမ်းတွေရောပေါ့နော်၊ အဲလိုမျိုး အဆင်ပြေဖို့ပေါ့။ အဲဒါတွေ အားလုံးအတွက်တော့ ကျမတို့ အနေနဲ့ကတော့ ဒီအင်တာနက်ကို အမြန်ဆုံးဖွင့်ပေးစေချင်ပါတယ်။ အရမ်းကြီးကို အခက်အခဲတွေ တွေ့နေရတယ် ကျမတို့ ရသေ့တောင်မြို့ပေါ်မှာပေါ့နော်။ ဒါကြောင့် အမြန်ဆုံးဖွင့်ပေးလေ အကောင်းဆုံးပါပဲလို့ ပြောချင်ပါတယ်။"


ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရခိုင်လူငယ်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အင်တာနက် ပြန်ဖွင့်ပေးဖို့ အစိုးရကို ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့သလို ကုလသမဂ္ဂ လူအခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီကလည်း အင်တာနက်သုံးစွဲရေးဟာ အခြေခံလူ့အခွင့်အရေး ဖြစ်တာကြောင့် ပြန်ဖွင့်ပေးသင့်တယ်လို့ အစိုးရကို တိုက်တွန်းထားပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေပေါ် မူတည်ပြီး  တိုက်ပွဲတွေ လျော့နည်း သက်သာလာမှသာ အင်တာနက် ပြန်ဖွင့်ဖို့ကို စဉ်းစားမယ်လို့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။