သံဖြူဇရပ်မှာ စစ်ကြောရေးရောက်နေတဲ့ ပရဟိတသမားတွေ မိသားစုနဲ့ အဆက်အသွယ်မရ

RFA Burmese
2024.09.23
သံဖြူဇရပ်မှာ စစ်ကြောရေးရောက်နေတဲ့ ပရဟိတသမားတွေ မိသားစုနဲ့ အဆက်အသွယ်မရ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း လူနာတင်ယာဥ်တစ်စီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်‌နေ့က တွေ့ရစဥ်။
Facebook/ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိရွာအခြေစိုက် အမှတ် (၄) တပ်မတော် တန်းမြင့်သင်တန်းကျောင်းက စစ်ကြောရေးစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းက အသင်းဝင်ကိုးဦး အချိန်တစ်ပတ်နီးပါး ကြာလာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။

သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်အခြေစိုက် အခမဲ့ နာရေးပို့တာနဲ့ လူနာတင်ယာဥ် ပြေးဆွဲပေးနေတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဖြစ်တဲ့ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်း၊ ကိုရဲလှိုင်ဦး၊ ကိုဝင်းကြည်၊ ကိုဟိန်းစည်သူမင်းဦးတို့ အပါအဝင် အသင်းဝင်ကိုးဦးကို စက်တင်ဘာ ၁၈ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောရေးစခန်းမှာ စစ်ဆေးတဲ့ရက် ကြာလာတာနဲ့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို မသိရတာကြောင့် စိုးရိမ်နေရတယ်လို့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုထိ ဘာမှကို အဆက်သွယ်မရဘူး။ မိသားစုတွေနဲ့လည်း အဆက်သွယ်မရဘူး။ စစ်နေတုန်းလို့တော့ ကြားတယ်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာလည်း မသိရဘူး။ မိသားစုနဲ့လည်း ပေးမတွေ့ဘူး”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ လူမှုကူညီရေး အသင်းဝင်တွေ ဖမ်းဆီးခံရမှု မကြာခဏဆိုသလို ရှိနေတာကြောင့် လွတ်လွတ်လပ်လပ် သွားလာကူညီခွင့်မရှိဘဲ ဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အခြေစိုက် လမိုင်း လူငယ်ပရဟိတအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် စုစုပေါင်း အဖွဲ့ဝင်ငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်လို့ လူပေါင်း ၂၇,၄၁၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၀,၉၂၆ ဦးကတော့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။