ဒေါ်အောင်ဆန်းစုကြည် ဟောပြော ပွဲအပြီး အားကစားကွင်း ခွင့်ပြုပေး ခဲ့သူတွေ စစ်ဆေးခံရ


2015.10.21
dassk-khamtee-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ မြို့နယ်အားကစားကွင်းမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးဟာပြောစဉ်
Photo: Kyaw Zaw Win/RFA

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးဟောပြောပွဲကို မြို့နယ် အားကစားကွင်းမှာ ခွင့်ပြုခဲ့တဲ့ ခန္တီးမြို့နယ် အားကစားဦးစီး မှူးနဲ့ ဒုတိယဦးစီးမှူးအပါအဝင် ၇ ဦးကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနဲ့ တိုင်းဒေသကြီး အားကစားဦးစီးမှူးတို့က နှစ်ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဟောပြောပွဲကို ဂုဏ်ယူဝမ်းမြောက်စွာ ခွင့်ပြုပါကြောင်းဆိုပြီး စာထုတ်တာကို ဘာကြောင့် အဲဒီလိုအသုံးအနှုန်းသုံး တာလဲဆိုပြီး စစ်ဆေးမေးမြန်းတယ် လို့ ဟောပြောပွဲကို ခွင့်ပြုခဲ့တဲ့ မြို့နယ်အားကစားဦးစီးမှူး ဦးဝင်းမင်းဇော် က ပြောပါတယ်။

"အဓိက အားကစားဝင်းဖြစ်တဲ့အတွက် အားကစားဦးစီးမှူးနဲ့ သက်ဆိုင်တဲ့  ဝန်ထမ်းတွေကိုခေါ်ပြီးတော့ စစ်ဆေးမေးမြန်းတယ်၊ ထွက်ဆိုချက်တွေယူတယ်၊  မှန်ကန်ကြောင်းလက်မှတ်ထိုးပေးရတယ်၊ နောက် ပြီးတော့  လွှတ်တော်ရဲ့ညွှန်ကြားရေးမှူးကတော့ လုပ်လာတဲ့သက်တမ်းမှာ  ဒီလိုမျိုးခွင့်ပြုတာတော့ မကြုံဘူးသေးဘူးပေါ့၊  ရိုးရိုးတန်းတန်းခွင့်ပြုတာလောက်ပဲပေါ့လေ၊ ကျနော်လည်းစာလုံးကို ပြန်စီရတာ၊  ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆိုတာလေးကိုပြန်စီရသေးတယ်၊ ကျနော်အနေနဲ့  ပြန်အဖြေပေးလိုက်တာက လာရောက်ဟောပြောမည့် ပုဂ္ဂိုလ်က  လွှတ်တော်ထဲမှာတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်ဖြစ်ခြင်း၊ နိုင်ငံသိ၊ ကမ္ဘာသိ၊  ဒီလိုပုဂ္ဂိုလ်မျိုးက လာရောက်ဟောပြောမှာဆိုတော့  ကိုယ့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိတယ်ပေါ့၊ ဒါကြောင့် ဒီအသုံးအနှုန်းလေးကို  ထည့်ရေးမိပါတယ်"

ဒါ့အပြင် အားကစားကွင်း ဝင်ပေါက်ဟာ ကားတွေ ဝင်ထွက်လို့မရတာကြောင့် ဟောပြောပွဲနေ့မှာ ခြံစည်းရိုးကို ဖျက်ပြီး ဝင်ပေါက်လုပ်ခဲ့တာကိုလည်း စစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။ အဲဒီခြံစည်းရိုးတွေကို ပြန်ပြုပြင်ပေး တယ်လို့လည်း သိရပါတယ်။

စစ်ဆေးမေးမြန်းခံရသူ ၇ ဦးထဲမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူတို့ ၇ ဦးရဲ့ ထွက်ဆို ချက်တွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ထံ တင်ပြပြီးနောက်မှ ဆုံးဖြတ်ချက်ချမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ခန္တီးမြို့ အားကစားကွင်းမှာ ဟောပြော ခဲ့တာဖြစ်ပါတယ်။

အဲဒီဟောပြောပွဲရက်မတိုင်ခင်မှာ တိုင်းဒေသကြီးအစိုးရက အားကစားကွင်းမှာ ဟောပြောပွဲ ကျင်းပခွင့် မပေးနိုင်ကြောင်း အကြောင်းကြားခဲ့ပြီးနောက် မှ ပြုလုပ်ခွင့်ပြုတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။