ဘာသာရေးထိန်းချုပ်မှု တင်းကြပ်နိုင်ငံများစာရင်း မှာ မြန်မာနိုင်ငံ ဆက်လက်ဖော်ပြခံရ


2016.08.10
myanmar-map-620.jpg မြန်မာပြည်မြေပုံ
Photo: Google Map

အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ဘာသာရေးထိန်းချုပ်မှု တင်းကြပ်တဲ့ နိုင်ငံများ စာရင်းမှာ ဆက်လက်ထားရှိဖို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် IRF က ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအစီရင်ခံစာ မှာ မြန်မာ၊ ရုရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အဇာဘိုင်ဂျန်၊ အင်ဂိုလာ နိုင်ငံတွေကို ဘာသာရေး ဥပဒေတွေ အထူးတင်းကြပ်မှုရှိတဲ့ နိုင်ငံတွေအဖြစ် ဖော်ပြထားပါတယ်။

နိုင်ငံတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်အဆင့်ကို အဆင့် (၁) နဲ့ အဆင့် (၂) အဖြစ် သတ်မှတ် ထားရာမှာ၊ အဆငိ့ (၁) က ပိုမိုစိုးရိမ်ဖွယ်အဆင့်ဖြစ်ပါတယ်။ အခုထုတ်ပြန်တဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် IRF ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ပိုမိုစိုးရိမ်ဖွယ် အဆင့် (၁) နိုင်ငံများစာရင်းထဲ ဆက်လက်ထားရှိဖို့ တင်ပြထားပါတယ်။ အဓိကအကြောင်းကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေတာကြောင့်လို့ IRF အစီရင်ခံစာက ဆိုပါတယ်။

အဲ့ဒီအဆင့် (၁) စာရင်းမှာ တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဘီးယား၊ ဆူဒန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်ပါတယ်။ အဆင့် (၂) စာရင်းဝင်နိုင်ငံတွေကတော့ အာဖဂန်နစ္စတန် ၊ အဇာဘိုင်ဂျန်၊ ကျူးဘား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ လာအို၊ မလေးရှား၊ ရုရှားနဲ့ တူရကီနိုင်ငံတွေကို သတ်မှတ်ဖို့ ဖော်ပြထားပါတယ်။

ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် အခြေအနေဟာ ဆိုးရွားနေဆဲပဲလို့ အဲဒီအစီရင်ခံစာမှာ ထောက်ပြထား ပါတယ်။ အထူးသဖြင့် အစ္စလာမ်နိုင်ငံတွေက ဘာသာရေး စွပ်စွဲချက်နဲ့ သေဒဏ်အထိ အပြစ်ပေးတဲ့ အခြေအနေတွေကို အလေးပေး ထောက်ပြထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။