မြစ်ဆုံရေကာတာကိစ္စ ပြည်သူ့သဘောထား လက်ခံစဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2011.09.12

RFA
မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
ဧရာဝတီ မြစ်ဆုံရေကာတာ ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က
အစိုးရထံကို ပန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အဲဒီ ပန်ကြားချက်မှာ သတင်းစာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တွေ အပါအဝင် အများပြည်သူတွေကလည်း ဝိုင်းဝန်း လက်မှတ် ရေးထိုးနေကြကြောင်း၊ ဒီလက်မှတ်တွေကို စုစည်းပြီး ဖြန့်ဝေဖို့ အစီအစဉ် ရှိကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။
စက်တင်ဘာလ (၁၀) ရက်နေ့က နေပြည်တော် မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ် ကာကွယ်ရေး လှုပ်ရှားသူတွေကို ဧရာဝတီ ရောဂါသည်များ၊ ဧရာဝတီ ရောဂါနဲ့ အမီလိုက်နေသူများလို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့အလင်း သတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးရဲ့ ကောင်းကျိုးတွေ အကြောင်း ဆောင်းပါးရေးသူဟာ သူကိုယ်တိုင်ပါပဲလို့လည်း ဝန်ကြီး ဦးဇော်မင်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။