မြေနုကျွန်း စိုက်ပျိုးခွင့်ရရှိရေး ဟင်္သာတမှာ တောင်းဆိုဆန္ဒပြ
2014.10.07
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စိန်တောင်ကြီး မြတောင်ကြီးကျေးရွာနဲ့ ၁ ဖာလုံအကွာ ဧရာဝတီမြစ်ဘေး မှာ ပေါ်ထွန်းနေတဲ့ မြေနုကျွန်းမှာ စိုက်ပျိုးခွင့်ရရှိရေးအတွက် ရွာသူ၊ ရွာသားတွေက ဟင်္သာတမြို့မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ဇွန်လက ဆန္ဒပြတောင်းဆိုခဲ့တာကို တစုံတရာ အကောင်အထည်ဖေါ်ဆောင်ရွက် ပေးခြင်းမရှိ တဲ့အတွက် ထပ်မံဆန္ဒပြတာဖြစ်တယ်လို့ စိန်တောင်ကြီး မြတောင်ကြီးကျေးရွာသား ဦးအောင်ကြိုင်က ပြောပါတယ်။
" ဒီမြေနုကျွန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမအကြိမ် ပြတုန်းက တောင်းဆိုချက် ၃ ချက်နဲ့ တောင်းဆို တယ်၊ အဲ့တောင်းဆိုချက်တွေက (၁) နိုင်ငံပိုင်မြေ ကိုယ်ကျိုးရှာသူ အရေးယူပေးရေး၊ (၂) မြို့နယ် အမိန့် မဖော်ဆောင်သော ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖယ်ရှားပေးရေး၊ (၃) ၂၀၁၂ မြေယာ ဥပဒေနဲ့ အညီ မြေနုကျွန်း ချထားပေးရေးပေါ့လေ အဲ့ ၃ ချက်ကို မြို့နယ်က မဖော်ဆောင်ပေးလို့ အခု တစ်ချက် ထပ်တိုးပြီး ၂၀၁၂ မြေယာဥပဒေနဲ့ မကိုက်ညီသော ဆုံးဖြတ်ချက်များ ပြန်လည် ပြင်ဆင်ပေးရေးဆိုတဲ့ အဲ့ ၄ ချက်နဲ့ ဆန္ဒပြတယ်"
ဧက ၆၀၀ ကျော်ရှိတဲ့ အဲ့ဒီမြေနုကျွန်းထဲက ဧက ၉၀ နီးပါးကို ၂၀၁၀ ခုနှစ်က စပြီး လက်ပန်လှ ကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးစိုးသက်နိုင်က တစ်ဧကကို ကျပ် ခြောက်သောင်းနဲ့ ရောင်းချခဲ့ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
လက်ပန်လှကျေးရွာအုပ်စု ဥက္ကဋ္ဌထံကတဆင့် ဝယ်ယူလုပ်ကိုင်နေသူတွေနဲ့ အရင်က လုပ်ကိုင်ခဲ့သူ တွေအကြား အငြင်းပွားနေတာကြောင့် အဲ့ဒီမြေနုကျွန်းမှာ ပြီးခဲ့တဲ့နှစ်ကစပြီး စိုက်ပျိုးခွင့် ပိတ်ပင်ထား တယ်လို့ သိရပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ စိန်တောင်ကြီး မြတောင်ကြီးကျေးရွာသား ၇၀ကျော်က ဟင်္သာတမြို့ ပွဲရုံဆိပ်ကမ်း ရပ်ကနေ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။