အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြု ဆုတောင်းတဲ့နေရာ ၃ခု တားမြစ် ခံရ
2017.06.05

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်အတွင်းက အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်း တဲ့ နေရာ ၃ ခုဟာ ဘာသာရေးအဆောက် အဦးတွေမဟုတ်တဲ့အတွက် စုဝေးပြီး ဝတ်ပြု ဆုတောင်းတာတွေ ဆက် မလုပ်ဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဒီလ ၃ ရက်နေ့က တားမြစ်လိုက်ပါတယ်။
သီရိမင်္ဂလာရပ်ကွက်အတွင်း ဝတ်ပြုဆုတောင်းနိုင်မယ့်နေရာကို ဒေသအာဏာပိုင်တွေဘက်က သတ်မှတ်ပေးဖို့ အစ္စလာမ်ဘာသာဝင်တွေဘက်ကလည်း တင်ပြထားတယ်လို့ မိတ္ထီလာမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ က မော်လဝီဦးဆန်းဝင်းရှိန် က ပြောပါတယ်။
"အဲဒီနေ့မှာပဲ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း တရားဝင် ခရိုင်ကနေ တိုင်းအဆင့်ဆင့်တင်ပြပါ့မယ်တဲ့၊ အဲ့တော့ သူတို့ဘက်ကနေ ဥပုပ်လမှာ ယာယီဝတ်ပြုခွင့်ရဖို့အတွက်ကို နေရာတစ်နေရာ စီစဉ်သတ် မှတ်ပေးဖို့ အတွက်ကို စာတင်ပါလို့ ပြောတဲ့အတွက်ကို ကျနော်စာတင်လိုက်တယ်။"
သီရိမင်္ဂလာရပ်ကွက်မှာ အရင်က ဗလီနှစ်ခုရှိပေမယ့် ၂ဝ၁၃ ခုနှစ် မိတ္ထီလာအရေးအခင်းဖြစ်ပြီးနောက် အဲဒီဗလီ ၂ ခုကို ပိတ်ထားတာ ပြန်မဖွင့်သေးတဲ့အတွက် အခြားရပ်ကွက်တွေက ဗလီတွေကို သွား ရောက်ဝတ်ပြုရာမှာ နေရာ အခက်အခဲရှိသလို သက်ကြီးရွယ်အိုတွေ သွားရောက်ဝတ်ပြုနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိတယ်လို့ ပြောပါ တယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းအတွင်းမှာရှိတဲ့ ဘာသာလေးခုလုံးက ဘာသာရေး အ ဆောက်အ အုံတွေကို တရားဝင်ခွင့်ပြုချက်မရှိဘဲ တိုးချဲ့တာ ၊ ပြင်ဆင်တာ၊ ဘာသာရေး အခမ်းအနား တွေနဲ့ တရားပွဲကျင်းပ တာတွေ ဆောင်ရွက်မယ်ဆိုရင် အချိန်နဲ့တပြေးညီတင်ပြဖို့ ခရိုင်၊ မြို့နယ် နဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးတွေထံ ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
မိတ္ထီလာမြို့နယ်အတွင်းမှာ တရားဝင်ဗလီ ၁၃ လုံးရှိတဲ့အနက်၂၀၁၃ ခုနှစ်မိတ္ထီလာအရေးအခင်းမှာ ဗလီတစ်လုံး မီးလောင်ခဲ့ပြီး အရေးအခင်းပြီးနောက် ဗလီအား လုံးကို အစိုးရက ပိတ်ထားပြီး ၂ဝ၁၄ ခုနှစ်မှာ တရားဝင်ဗလီ ၅ လုံးကိုသာ ပြန်လည်ဖွင့်ခွင့်ပေးထားတယ်လို့ သိရပါတယ်။