မန္တလေးရဲ့ ပထမဆုံး ကျောက်စိမ်းအရောင်းပြပွဲ

ခေမဏီဝင်း
2019.10.23
jade-show-mdy-622.jpg ကျောက်စိမ်းအရောင်းပြပွဲကို မန္တလေးမြို့ MCC ခန်းမမှာ ၂၀၁၉၊ အောက်တိုဘာ ၂၃ ရက်နေ့က ကျင်းပစဉ်
ဓါတ်ပုံ - ခေမဏီဝင်း/ RFA

မြန်မာကျပ်ငွေနဲ့ရောင်းချတဲ့ မန္တလေးမြို့က ဒီကနေ့ စတင်ကျင်းပတဲ့ ကျောက်မျက်ရတနာအရောင်းပြပွဲ ကို နိုင်ငံခြားသား တရုတ်တွေကိုပါ ဝင်ရောက်ဝယ်ယူခွင့်ပေးထားတာက မြန်မာနိုင်ငံသားတွေအတွက် စီးပွားရေးမှာ မယှဉ်နိုင်ဖြစ်ရတယ်လို့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ကိုင်သူအချို့က ပြောပါ တယ်။

ကျောက်စိမ်းအတွဲပေါင်း ၂၉၀၀ ကျော်ပါဝင်တဲ့ ကျောက်မျက်ရတနာအရောင်းပြပွဲကို မန္တလေးမြို့ MCC ခန်းမမှာ ဒီကနေ့ကနေ စတင်ပြီး ခုနှစ်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

တရုတ်ကျောက်စိမ်းဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်မှာ ကွာဟမှုတွေရှိနေတဲ့အတွက် မန္တလေးမှာ ဒီလိုကျောက်မျက်ပွဲတွေလုပ်ရင် တရုတ်နိုင်ငံသားတွေကို ဝင်ခွင့်မပြုစေချင်ဘူးလို့ ကျောက်အရောင်း ဝယ်လုပ်ငန်းလုပ်ကိုင်သူ ကိုဟန်ဝင်းကျော်က ပြောပါတယ်။

"သူတို့ဈေးကွက်နဲ့ ကျနော်တို့ဈေးကွက်က အရမ်းကွာတယ်။ ဝယ်ရဖို့တော့ မလွယ်ဘူး၊ မတော်တဆ ရခဲ့ရင်လည်း ကျောက်သမားစကားနဲ့ပြောရင် အဖြစ်အပျက်ရှိတယ်။ ဝယ်ရတာက တရုတ်ပြန်ရောင်းတော့ ဝယ်မှာမဟုတ်ဘူး"

ပထမဆုံးကျင်းပပြုလုပ်တဲ့ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံသား ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေလည်း လာရောက်တာတွေ့ရသလို မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေနဲ့ နိုင်ငံခြားသား တရုတ်လူမျိုးတွေလည်း လာရောက်ကြတာ တွေ့ရပါတယ်။

အဲဒီလိုလာရောက်ကြရာမှာ မြန်မာနိုင်ငံသားတွေအတွက် ဝင်ကြေးကျပ် နှစ်သောင်း သတ်မှတ်ထားပြီး နိုင်ငံခြားသားတွေကိုတော့ ကျပ်တစ်သိန်း သတ်မှတ်ထားပါတယ်။

ဒီလိုသတ်မှတ်ချက်တွေကြောင့် အချို့နိုင်ငံခြားသားတွေဟာ ဝင်ခွင့်သတ်မှတ်ပေးထားတဲ့ ကြိုးတွေကို လဲလှယ်ဝတ်ဆင်တာတွေရှိတယ်လို့ တာဝန်ကျ စစ်ဆေးရေးလုပ်သူအချို့က ပြောကြပါတယ်။

ဒီကနေ့ပွဲမှာ ဝေဖန်နေကြတာနဲ့ပတ်သက်ပြီး ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောအောင်က အခုလိုပြောပါတယ်။

"မြန်မာလူမျိုးတွေကြီးပဲလုပ်တဲ့ပွဲဆိုတာ ဖြစ်ချင်ပါတယ်။ ခေတ်စနစ်နဲ့ညီတဲ့ ဈေးကွက်စီးပွားရေးကို လိုက်ရတော့မယ့် အခြေနေဖြစ်နေပါပြီ၊ မကြာခင်မှာ သေချာစီစစ်ပြီးတော့ ကတ်စနစ်နဲ့ သေချာစီစစ်ပါမယ်"

နေပြည်တော်မှာ အခုလို ကျောက်မျက်ပြပွဲကို အကြိမ် ၉၀ ကျော်လောက် ကျင်းပခဲ့ပြီး မြန်မာတစ်ပြည်လုံးရဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ မန္တလေးမှာ အခြေစိုက်ကြတာများတယ်လို့ ဦးကျော်ဇောအောင်က ပြောပါတယ်။

မြန်မာကျောက်ကုန်သည်တွေအနေနဲ့ ဈေးကွက်စိုးရိမ်မှုတွေ မဖြစ်ရစေအောင် တရုတ်ကျောက်ကုန်သည်တွေက We Chat ကနေတစ်ဆင့် အရောင်းအဝယ်လုပ်တာတွေကို ပိတ်ပင်ထားမှာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့သာ သီးသန့်ရောင်းချရမယ်လို့လည်း ပြောပါတယ်။

မန္တလေးမှာ ကျောက်စိမ်းဈေးကွက်ကို အရှည်တည်တံ့နိုင်ဖို့အတွက် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း ဒီနေ့အခမ်းအနားမှာ အခုလိုပြောပါတယ်။

"မန္တလေး ကျောက်စိမ်းမထွက်ပေမယ့် ဈေးကွက်ကို မန္တလေးမှာ ရှိစေချင်တယ်။ ကျောက်စိမ်းဈေးကွက် ပထမအကြိမ်ဖြစ်ပြီး ပြက္ခဒိန်မှာ ပါရမယ်။ မပါရင် ရေရှည်တည်တံ့ဖို့မဖြစ်နိုင်ဘူး၊ မန္တလေးကျောက်စိမ်းပွဲတော် ဒီရာသီ၊ ဒီအချိန်မှာ ရှိတယ်ဆိုတာမျိုး ကျောက်မျက်လုပ်ငန်းရှင် အသင်းကို ကြိုးစားစေချင်တယ်"

ကျောက်သမားတွေ ပုံမှန်ရောင်းဝယ်ကြတဲ့နေရာကတော့ မဟာအောင်မြေမြို့နယ် ကျောက်မျက်ဈေးတန်းမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ကျောက်ဝယ်သူတွေအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို မပေးဆောင်ရဖို့ တိုင်းဒေသကြီးအစိုးရကို တင်ပြခဲ့ပေမယ့် ခွင့်ပြုချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။