တရားမဝင်အဖွဲ့များနှင့်ဆက်သွယ်မှု နဲ့ ဖမ်းထားသူများကို ဖောက်ခွဲမှု နဲ့ ပြစ်ဒဏ် ချမှတ်


2014.06.05

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်သုံးဦးကို ဖောက် ခွဲမှုတွေနဲ့   မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။   ဒီနေ့အမိန့်ချလိုက်တဲ့ ပြစ် ဒဏ်တွေဟာ တရားမျှတမှုမရှိကြောင်း ဒုက္ခသည် ၃ ဦးရဲ့ ရှေ့နေ ဦးဂျီမာခါးက အခုလိုပြောပါတယ်။

"ဒီနေ့ ၃ ယောက်ကို အမိန့်ချလိုက်ပါတယ်၊ ပြည်နယ်တရားရုံးတွေရဲ့ ဒီဆုံးဖြတ်ချက်တွေဟာ ဥပဒေကို မျက်ကွယ်ပြုပြီးတော့ လုံးဝတရားမျှတမှု မရှိတဲ့ပုံစံမျိုး တရားစီရင်တာပေါ့နော်၊ ကျနော့်ရဲ့လျှောက်လွှဲချက် မှာလည်း စရဖစစ်ကြောချက်က လုံးဝမှန်ကန်မှုမရှိဘူး ဆိုတဲ့အကြောင်းကို အသေအချာ ရေးသား တင်ပြထားပြီး သားဖြစ်တယ်၊ သူတို့ဟာ စွပ်စွဲသလို ကေအိုင်အေလည်းမဟုတ်ဘူး၊ ဖောက်ခွဲမှုကျူးလွန် ဖူးတဲ့သူ လုံးဝမဟုတ်ဘူး၊ သာမန်ပြည်သူဖြစ်တဲ့ဟာကို မတရားသဖြင့် ထောင်ဒဏ်ချမှတ်တာဟာ ကချင်ပြည်နယ် တရားရုံးတွေဟာ ပြည်သူ လူထုဘက် ဘာမှအကာအကွယ်ပေးနိုင်ဘူးဆိုတဲ့ သဘော တရား သက်ရောက်တယ်"

ဝိုင်းမော်မြို့နယ် အင်ပွန်ယန် ရွာသားတွေဖြစ်တဲ့ ဘရန်ရုန်းကို ထောင်ဒဏ် ၁၄ နှစ်၊ လဖိုင်ဂမ်ကို ၁၃ နှစ် တာလောကြီးရွာသား မာလ (ခေါ်) လရိန်ကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာလို့ သူတို့ရဲ့ ရှေ့နေ က ပြောပါတယ်။

အဲ့ဒီ ရွာသား ၃ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ရက်နေ့က မြစ်ကြီးနားမြို့ ရွှေစက် ဒုက္ခသည်စခန်းကနေ တာလောကြီးကျေးရွာအသွားမှာ ခလရ ၃၇ တပ်က ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ဖောက်ခွဲ မှု ၆ မှုနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဒီနေ့ ပြစ်ဒဏ်ချမှတ်လိုက်တာဟာ ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်ကြောင်းနဲ့ အယူခံဝင်နိုင်ကြောင်း မြစ်ကြီးနား ခရိုင် တရားရုံး တရားသူကြီးက ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးဂျီမာခါးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထား တာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။