လွိုင်ကော်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်သား ၃၂ ဦးလက်နက်ချ

RFA Burmese
2023.11.15
လွိုင်ကော်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်သား ၃၂ ဦးလက်နက်ချ လွိုင်ကော်မြို့ တွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်များကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ကတွေ့ရစဉ်။
KNDF

ကယားပြည်နယ်၊ လွိုင်ကော်မြို့ တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၂ ဦး ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေထံ လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

လွိုင်ကော် တက္ကသိုလ်ဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ကရင်နီ ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က သေဆုံးမှု များတာကြောင့် အခုလို လက်နက်ချလိုက်တာလို့ KNDF က ဆိုပါတယ်။

လက်နက်ချသူတွေထဲက ဒဏ်ရာရသူ နှစ်ဆယ်ဦးကို ဆေးကုသပေးနေတယ်လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်နေကုန်နီးပါး အပြန်အလှန် တိုက်ခိုက်ကြပြီးတော့ ကျွန်တော်တို့ဘက်က လက်နက် ချဖို့ အခွင့်အရေးတစ်ခု ပေးလိုက်ပါတယ်။ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံပါ့မယ်။ စစ်သုံ့ပန်းအဖြစ်နဲ့ ဖမ်းဆီးထိန်းသိမ်းပြီးတော့ နိုင်ငံတကာ ဥပဒေအရ တရားစီရင်မှုတွေ ပေးမယ်လို့ ပြောလိုက်ပြီးနောက်မှာ လက်နက်ချ အညံ့ခံတာ ဖြစ်ပါတယ်”

လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ် အမှတ် (၆) ခြေမြန်တပ်ရင်းက တပ်ခွဲမှူး ဗိုလ်ကြီး ကောင်းမြတ်ကို အပါအဝင် ၃၂ ဦးကို ပြည်နယ်ရဲဌာနထံ အပ်နှံပြီးနောက် တရားစီရင်ရေး ကိစ္စတွေ ဆက်လုပ်မှာဖြစ်သလို တရားသူကြီး ချမှတ်တဲ့ ပြစ်ဒဏ်နဲ့အညီ တရားစီရင်မယ်လို့ KNDF က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေး ဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေဟာ ကယားပြည်နယ်မှာ တစ်လေးလုံး (၁၁၁၁) စစ်ဆေးရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့မှာ ဒေသခံတွေ ပိတ်မိနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၃၉ ဦးအထိ ရှိပြီလို့ ကရင်နီ လူအခွင့်အရေးအဖွဲ့ (KnHRG) က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။