ဆေးစစ်ပြီးမှ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးတော့မည်


2017.11.18
japan-dengue-622 ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံနေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
ဓါတ်ပုံ - တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း - Expanded Programme on Immunization, Myanmar

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးခင်မှာ သက်ဆိုင်ရာ ဆရာဝန်နဲ့ စစ်ဆေးပြီးမှ ထိုးနှံဖို့ ညွှန်ကြား ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဒီနေ့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ စစ်ဆေးရုံနဲ့ မရတော့ဘဲ ရောဂါအခံရှိ/မရှိကို ဆရာဝန်ကိုယ်တိုင် စစ်ဆေးပြီး ခွင့်ပြုချက်ရမှ ထိုးဖို့ညွှန်ကြားထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

"ဆရာဝန်တွေနဲ့ စစ်ဆေးဖို့ ညွှန်ကြားချက်ထုတ်ထားလိုက်တယ်၊ အရင်တုန်းကတော့ ဆရာဝန် မစစ်နိုင်ဘူးပေါ့၊ ကျန်းမာရေးဝန်ထမ်းတွေကတော့ စစ်တော့စစ်ကြတာပေါ့နော်၊ အဲလောက်နဲ့မရတော့ဘူး၊ ဆရာဝန်ကိုယ်တိုင် စစ်ရမယ်၊ ဖြစ်နိုင်လို့ရှိရင်ပေါ့၊ ဆရာဝန်မရှိမှသာ အခြားကျန်းမာရေးဝန်ထမ်း စစ်ဆေးပြီးမှ ထိုးသင့်မှထိုးမယ်ပေါ့၊ သူက Pass လုပ်မှ ထိုးမယ်ပေါ့။ "

နိုင်ငံတစ်ဝှမ်းမှာ အသက် ၅ နှစ်ကနေ ၁၅ နှစ်အထိ ကလေးငယ်တွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ စာသင်ကျောင်းတွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) မှာ ပညာသင်ကြားနေတဲ့ အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသူတစ်ဦး ကာကွယ်ဆေး ထိုးပြီးနောက်ပိုင်း ၆နာရီခန့်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသူမှာ နမိုးနီးယားရောဂါအခံဖြစ်နေတာကို စစ်ဆေးတွေ့ရှိထားပြီး သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ဆက်စပ်မှုရှိ/မရှိ ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တာကြောင့် တိကျတဲ့အဖြေ မပေးနိုင်သေးဘူးလို့ ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ပြင်းထန်လက္ခဏာဖြစ်ပွားခဲ့တဲ့ ကလေး ၃ဦးရှိပြီး ပြုစုကုသပြီးနောက် ၂ ဦးမှာ ပကတိပြန်လည်ကောင်းမွန်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို စုံစမ်းစစ်ဆေးမယ့် ကော်မတီ၊ အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးကော်မတီတို့ရဲ့ ကွင်းဆင်းစစ်ဆေးချက်တွေကို ဒီနေ့ ဆွေးနွေး သုံးသပ်ခဲ့ပြီး မနက်ဖြန်မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးကုဆရာဝန်ကြီးတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့က တာဝန်ရှိသူတွေဟာ နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးပြီး သတင်း ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးတွေကို လက်ရှိအချိန်အထိ ကလေးငယ် ၅ သန်းမှာ ထိုးနှံပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေမှာ ကာကွယ်ဆေးထိုးပြီးနောက် ဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၀ ရက်နေ့အထိ ရပ်ကွက်တွေ အတွင်းမှာ အသက် ၉ လ ကနေ ၅ နှစ်အထိ ကလေးငယ်တွေကို ထိုးနှံပေးသွားမှာလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ  ဂျပန်ဦးနှောက်ရောင်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၃၉၃ ဦးရှိခဲ့ပြီး ဒီနှစ်  အောက်တိုဘာလကုန်အထိ ရောဂါပိုးတွေ့သူ ၃၀၆ ဦးရှိခဲ့တယ်လို့  ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ၃၀ ရာခိုင်နှုန်းဟာ  အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်တဲ့ ကလေးတွေမှာလည်း နာတာရှည်  ကိုယ်လက်အင်္ဂါ မသန်စွမ်းတာ၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ  ချို့ယွင်းတာတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။