ရပ်ကွက်ထဲမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုး စထိုးမည်
2017.12.03

လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို ရပ်ကွက်ကျေးရွာတွေထဲမှာ စတင်ထိုးနှံပေးတော့မှာဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းအတွက် ပိုမိုစိတ်ချရတဲ့အစီအစဉ်တွေကို စီစဉ်ထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် က ပြောပါတယ်။
"ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရမယ့်သူများစာရင်းလုပ်ထားပါတယ်၊ ရက်ရွှေ့ ဆိုင်းပြီး ထိုးပေးရမယ့်သူများစာရင်းလုပ်ထားပါတယ်၊ အဲဒါကို ကျနော်တို့က ဆေးထိုးစုရပ်တိုင်းမှာ ဗီနိုင်းတွေနဲ့ ဒီအချက်အလက်ကို အဖေ အမေတွေ ကလေးကို ကာကွယ်ဆေး လာထိုးတဲ့အခါ ဖတ်လို့ရအောင်ပဲ အဲဒီ ဗီနိုင်းတွေနဲ့ အချက်အလက်တွေကို စုရပ်တိုင်းမှာ ကပ်ထားမှာဖြစ်ပါတယ်"
ကလေးတွေကို ကာကွယ်ဆေးထိုးသင့်မသင့် စမ်းသပ်ပေးမယ့် ဆရာဝန်တွေကိုလည်း ထားရှိပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးတဲ့အခါ ရှိပြီးသားရောဂါအခံတစ်ခုခုကြောင့် အန္တရာယ်ဖြစ်လာမယ်ဆိုရင်လည်း အချိန်မီကုသပေးနိုင်အောင် စက်ကိရိယာတွေလည်း ထားရှိပေးသွားမယ်လို့ သိရပါတယ်။
စာသင်ကျောင်းတွေမှာ ကာကွယ်ဆေးထိုးစဉ်ကာလအတွင်း ကလေး ၅ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် မိဘတွေက စိုးရိမ်မှုတွေရှိနေပါတယ်။
အဲဒီသေဆုံးခဲ့တဲ့ကလေးငယ်တွေဟာ ကာကွယ်ဆေးကြောင့်မဟုတ်ဘဲ အရင်ရှိပြီးသားရောဂါအခံတွေကြောင့် ဖြစ်ကြောင်း စစ်ဆေးချက်တွေအရ သိရှိရတယ်လို့ ပြောပါတယ်။
လက်ရှိစာသင်ကျောင်းတွေမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ ၈.၂ သန်းအထိ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၀ ရက်နေ့အထိ ရပ်ကွက်တွေထဲက အသက် ၉ လ ကနေ ၅ နှစ်အထိ ကလေးငယ်တွေကို ထိုးနှံပေးသွားမှာလည်း ဖြစ်ပါတယ်။