မြန်မာနိုင်ငံကို အကူအညီ ပြန်ပေးဖို့ ဂျပန် စဉ်းစားနေ
2011.07.04
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှွတ်ပေးခဲ့တဲ့အချက်၊ စစ်တပ် အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့တဲ့ အချက်တွေပေါ် အခြေခံပြီး မြန်မာနိုင်ငံကို အကူညီပေးဖို့ စဉ်းစားတာ ဖြစ်ကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး ‘ယိုမီအူရီ’ သတင်းစာက ရေးပါတယ်။ ဒီအကူအညီတွေ ဘယ်တော့ ပြန်စမယ် ဆိုတာ အတိအကျ မသိရပါဘူး။
ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ဦးကျော်ကျော်စိုးကတော့ ဂျပန်အစိုးရဟာ မြန်မာ့ ဒီမိုကရေစီရေးကို လိုလားသလို တပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့လည်း လိုလားကြောင်း ပြောပါတယ်။
“ဒီတခေါက်မှာ ဘာထူးခြားလည်းဆိုတော့ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ထားတဲ့ ပေါ်လစီကို ပြန်ပြီး သုံးသပ်နေတယ်။ ဂျပန်က မြန်မာပြည် ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီးတော့ အကူအညီ ပေးမယ့်အထဲမှာ ODA နဲ့ ချည်းကပ်ပြီး မြန်မာပြည်ကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိတယ်။ ဒီလို အကူအညီပေးရင်းနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အထိုက်အလျောက် တိုးတက်လာအောင် အထောက်အကူ ဖြစ်လာအောင် ဆိုတဲ့ သဘောမျိုး ရှိပါတယ်”
အခု ပြန်ပေးဖို့ရှိတယ် ဆိုတဲ့ ODA အကူအညီဟာ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ပြန်ပေးတာပဲ ဖြစ်ပါလိမ့်မယ်။
၂ဝဝ၃ ခုနှစ် ဒီပဲယင်း သွေးထွက်သံယို တိုက်ခိုက်မှု ပြီးချိန်ကတည်းက ဂျပန်နိုင်ငံရဲ့ ODA အကူအညီတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်အစိုးရဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီကနေ့အထိ လူသားချင်းစာနာတဲ့ အကူအညီတွေကိုတော့ ပေးခဲ့ပါတယ်။ အထူးသဖြင့် သဘာဝ ဘေးဒဏ်သင့် ဒေသတွေကို ပေးခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်တွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဂျပန် လွှတ်တော်ဆိုင်ရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စ မခိကို ခိကုတ က မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝ တိုးတက်ရေးမှာ အသုံးပြုဖို့အတွက် ODA အကူအညီတွေကို မကြာခင် ပြန်လည် ပေးအပ်တော့မှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အကူအညီတွေထဲမှာ တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ဆေးထိုးပေးမယ့် အစီအစဉ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆေးဝါး၊ လူသားစွမ်းရည် မြှင့်တင်ရေးအတွက် ဂျပန်ကို ပညာတော်သင် စေလွှတ်မယ့်ကိစ္စ၊ လယ်ယာသုံး ပစ္စည်းတွေနဲ့ မြေဆီလွှာညံ့ ယာမြေတွေမှာ စိုက်ပျိုးနိုင်မယ့် မျိုးစေ့တွေ အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။