ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နီပွန်ဖောင်ဒေးရှင်း ကူညီမယ်
2013.03.14
ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ရှမ်းပြည်နယ်ထဲမှာ နေထိုင်နေတဲ့ တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးစတဲ့ ကဏ္ဍတွေမှာ ကူညီပေးသွားမယ်လို့ အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီဆာစာကာဝါက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံစဉ် ကတိပေးပြောကြားခဲ့ပါတယ်။။
ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက နီပွန်ဖောင်ဒေးရှင်းက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နီပွန်ဖောင်ဒေးရှင်း ဥက္ကဌလည်းဖြစ်တဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီဆာစာကာဝါက ပြောကြားခဲ့တယ်လို့ SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
"ငြိမ်းချမ်းရေးသာရမယ်ဆိုရင် သူတို့ပေးဖို့စီစဉ်မယ်တဲ့၊ ငြိမ်းချမ်းရေး ဖြစ်အောင်သာလုပ်ပါတဲ့၊ စိုက်ပျိုးရေးကဏ္ဍကို ချဲ့ထွင်မယ်ပေ့ါ၊ နီးစပ်ရာနိုင်ငံတွေမှာ သွားပြီးတော့ အလုပ်လုပ်မယ့်အစား ကိုယ့်အိမ်ကိုယ့်ရွာမှာ အလုပ်လုပ်ပြီး ဝင်ငွေရှာပြီးတော့၊ တိုင်းပြည်တိုးတက်အောင်လည်း လုပ်လို့ရတာပေ့ါ၊ ပညာရေး၊ ကျန်းမာရေး လိုအပ်နေတာတွေကို သတိထားမိတယ်ပေါ့၊ ကျန်းမာရေး၊ ပညာရေးကို ကူမယ်၊ အသိပညာပေး လုပ်ငန်းတွေမှာလည်း ကူမယ်ပေါ့"
ဒါ့အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကမကထပြုလုပ်ပြီးဆောင်ရွက်နေတဲ့ ရှမ်းနှင့် ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှု ဆွေးနွေးပွဲတွေကိုလည်း အောင်မြင်အောင်ဆောင်ရွက်ဖို့ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ တိုက်တွန်းအားပေးခဲ့တယ်လို့လည်း သိရပါတယ်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို အထောက်ပံ့ပေးနေတဲ့ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ၂၀၁၂ ခုနစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေက ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သန်း (၃၀၀) လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။