ဂျပန်ဖွံ့ဖြိုးရေးစီမံကိန်းတွေ ရပ်ဆိုင်းထားဖို့ ကရင် ကွန်ရက် တောင်းဆို


2014.09.09
karein-305 JICA ရဲ့ဒေသဖွံဖြိုးရေးစီမံကိန်းတွေကို ရပ်ဆိုင်းထားဖို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က စက်တင်ဘာလ ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo : Wai Yin Moe Myint / RFA

ကရင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ဂျပန်အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ JICA ရဲ့ဒေသဖွံဖြိုးရေးစီမံကိန်းတွေ ကို ရပ်ဆိုင်းထားဖို့ ကရင်ငြိမ်းချမ်းရေး အထောက် အကူပြုကွန်ရက်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်အဖွဲ့ဝင် နော်စူဇန်နာ လှလှစိုးက အခုလိုပြောပါတယ်။

"အခု ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ အချိန်ဖြစ်ပါတယ်၊ ပြည်ထောင်စုအစိုးရနဲ့ ကရင်ပြည်နယ်အစိုးရနဲ့သာ တစ်ဘက်တည်းပဲ၊ သူတို့ ဦးစားပေးပြီးတော့ ဆောင်ရွက်ထားတဲ့ စီမံကိန်းလို့ ကျမတို့ သိရပါတယ်၊ အဲ့ဒီတော့ ပဋိပက္ခဖြစ်ခြင်းကို ပိုမိုပြီးတော့ အားပေးပြီးတော့ ဒီပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်းတွေကို လေ့လာ သုံးသပ်ခြင်းမပြုပဲနဲ့ ကျန်တစ်ခြမ်းပေါ့နော်၊ ကျန်တစ်ခြမ်းဆိုတာ ဥပမာဖြင့် ကရင်ဆိုရင် KNU ရှိမယ်၊ မွန် ဆိုရင်လည်းရှိမယ်၊ မွန် အဖွဲ့တွေလည်းရှိပါမယ်၊ သူတို့ရဲ့အခြမ်းကို လျစ်လျှူရှှု့ထားတာလည်းတူ တယ် ဖြစ်ပါတယ်လို့"

ဂျပန်အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ကမြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို ကရင်နဲ့ မွန်ပြည်နယ်တွေမှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းမှာ လမ်းတံတားစီမံကိန်း၊ ကုန်သွယ်ရေးဇုန်နဲ့ စက်မှုဇုန်တွေအပြင် ဥယျာဉ်ခြံတွေ ဖော်ထုတ်တဲ့ စီမံကိန်း၊ မြို့ပြဖွံဖြိုးမှုအဆင့်မြှင့်တင်တဲ့ စီမံကိန်းတွေပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်း၊ မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့နဲ့ ပြည်တွင်းမှာ စစ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေကို ပြန်လည်နေရာချထားပေးဖို့စီမံကိန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

JICA အနေနဲ့ စီမံကိန်းတွေကို မစတင်မှီ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ကွင်းဆင်းလေ့လာဖို့ လိုအပ်ကြောင်းနဲ့ ကရင်ပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်က တိုက်တွန်းခဲ့ပါတယ်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်ကို ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်အမျိုးသမီး များ ဖွံ့ဖြိုး တိုးတက်ရေးအဖဲ့ွ၊ ကရင်လူငယ်အစည်းအရုံး၊ ကရင်ကျောင်းသားကွန်ရက်စတဲ့ ကရင်အရပ်ဘက်အဖွဲ့ ၂၈ ဖွဲ့နဲ့ စုပေါင်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။