စစ်ကောင်စီရဲ့သံအရာရှိတွေကို ပြည်ဝင်ခွင့် ဂျပန် ငြင်းပယ်

နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2021.08.22

စစ်ကောင်စီကစေလွှတ်မယ့် သံအရာရှိ နှစ်ဦးရဲ့ပြည်ဝင်ခွင့်ဗီဇာကို ဂျပန်အစိုးရက ငြင်းပယ်လိုက်တယ်လို့ ဂျပန်အစိုးရသတင်းရပ်ကွက်ကိုအခြေခံပြီး ဂျပန်နိုင်ငံအခြေစိုက် မိုင်နီချိသတင်းစာမှာ မနေ့က သြဂုတ်လ ၂၂ ရက်နေ့က ဖော်ပြလိုက်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ စစ်ကောင်စီကို ဆန့်ကျင်ထားတဲ့ မြန်မာ သံအရာရှိနှစ်ဦးကို ဂျပန်အစိုးရက ဆက်ပြီး အသိအမှတ်ပြုထားတယ်လို့လည်း သတင်းထဲမှာ ရေးထားပါတယ်။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက် အမိန့်မနာခံရေး CDM လှုပ်ရှားမှုမှာ ပါလာတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပထမအတွင်းဝန်နဲ့ ဒုတိယအတွင်းဝန်တို့ကို စစ်ကောင်စီက ရာထူးကနေ ထုတ်လိုက်ပြီး သူတို့ နေရာမှာ အစားထိုးစေလွှတ်မယ့်ကိစ္စမှာ ဂျပန်အစိုးရက ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမယ်ဆိုရင် စစ်တပ်က အာဏာသိမ်းတာကို သဘောတူသလိုဖြစ်သွားမယ်လို့လည်း ဆိုပါတယ်။ အဲဒီအပြင် မြန်မာစစ်တပ်ကို တရားဝင် အစိုးရအဖြစ် ဂျပန်က အသိအမှတ်ပြုမထားဘူးလို့လည်း ဆိုပါတယ်။

ဒီလိုအသိအမှတ်မပြုဖို့ ဂျပန်နိုင်ငံက လွှတ်တော်နှစ်ရပ်စလုံးမှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ က ပြောပါတယ်။

“နံပါတ်တစ်အနေနဲ့ကတော့ ဂျပန်အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ရော နှစ်ခုစလုံးက Resolution ချပြီးတော့ ကန့်ကွက်မဲ တစ်မဲတောင်မှမရှိဘဲနဲ့ အကုန်လုံးက တစ်ညီတစ်ညွတ်တည်းနဲ့ ဒီအာဏာသိမ်းစစ်ကောင်စီကို ဂျပန်က အသိအမှတ်မပြုကြောင်း၊ ရှုတ်ချကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဖို့ရာအတွက် သူတို့က ဆုံးဖြတ်ချက်ကျပြီးသား ဖြစ်တယ်”

ဂျပန်ဟာ မြန်မာ့တပ်မတော်ဖြစ်လာတာရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ကို မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ်မှာ သံယောဇဉ်ရှိပြီး တောက်လျှောက် ကူညီလာခဲ့တာလို့လည်း ဒေါက်တာ ဆာဆာ က ပြောပါတယ်။

“မြန်မာစစ်တပ်ကို တည်ထောင်ခဲ့တာ ဗိုလ်ချုပ် အောင်ဆန်း ဖြစ်တယ်၊ ရဲဘော်သုံးကျိပ်က စတယ်။ ရဲဘော်သုံးကျိပ်ကို မွေးထုတ်တာ ဂျပန်ဖြစ်တယ်ဆိုတာ သမိုင်းမှာ ရှိပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို ဂျပန်တွေဟာ တကယ်တမ်းဆို မြန်မာပြည်သူလူထုအပေါ်မှာ သံယောဇဉ်ရှိတယ်။ တစ်ဘက်က ပြောမယ်ဆိုရင် ဒါ ဗိုလ်ချုပ် အောင်ဆန်း ခေတ်ကတည်းက ဂျပန်က မြန်မာလူထုအပေါ်မှာ အဲလို သံယောဇဉ် တကယ့် ထူးထူးဆန်းဆန်းဖြစ်သလို၊ အထူးစပါယ်ရှယ်အဖြစ်နဲ့ တာဝန်ရှိပါတယ်။ အဲဒီ သံယောဇဉ်ကြောင့် ဂျပန်နိုင်ငံအစိုးရဟာလည်း မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာကို ODA ဖွံ့ဖြိုးရေး အစီအစဉ်မှတဆင့် ကူညီခဲ့ပါတယ်။ သို့သော် အဲဒီနှစ်ပေါင်းများစွာ ကူညီလာခဲ့တဲ့ ဂျပန်ရဲ့အကူအညီတွေ အားလုံးကို သူတို့ စစ်အာဏာရှင် တည်မြဲရေးမှာ အသုံးပြုလာခဲ့တာဟာ ဒီ ဂျပန်လွှတ်တော်လည်း သိလာပြီ၊ ဂျပန် ပြည်သူလူထုဟာလည်း နားလည်လာပြီ”

ဒါကြောင့် ဂျပန်အစိုးရရဲ့အခုရပ်တည်ချက်ဟာ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ တစ်သားတည်းရှိတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာ ဆာဆာ က သုံးသပ်ပါတယ်။

“ဂျပန်လူထုတွေနဲ့ ဂျပန်အစိုးရတွေ ခံစားနေတာက သူတို့မှာ ကောင်းမှုကုသိုလ် နှစ်ပေါင်းများစွာ မြန်မာပြည်သူလူထုအတွက် လုပ်လာခဲ့တာဟာ စစ်အာဏာရှင်တွေက ပြန်ပေးဆွဲပြီးတော့ ဒါကို အသုံးပြုပြီးတော့ သူတို့အာဏာခိုင်မြဲရေးမှာ misused အလွဲသုံးစားခဲ့တာ အားလုံးနားလည်လာပြီ ဆိုတော့ ဒီတခါတော့ လွှတ်တော်ကိုယ်တိုင်လည်း ထွက်လာပြီ။ G7 တို့မှာလည်း ကြည့်ပါ။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို လက်နက်မရောင်းချရဘူးဆိုတာကို အပြင်းထန်ဆုံး ပြောလာတယ်။ ဆိုတော့ ကျနော်တို့ ဂျပန်ဟာ တကယ်တမ်းဆိုရင် ရှေ့တန်းက ထွက်ပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ကျနော်တို့ ပြည်သူလူထုနဲ့အတူ လုပ်နေပါတယ်ဆိုတာကို တစ်ကမ္ဘာလုံးသိသွားအောင် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်”

စစ်ကောင်စီရဲ့သံအရာရှိတွေကို ဂျပန်က လက်မခံငြင်းပယ်လိုက်သလို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းတွေဖြစ်တဲ့ WHO ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO၊ လူ့အခွင့်အရေးကောင်စီ UNHRC စတဲ့ ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းတွေရဲ့အစည်းအဝေးတွေမှာလည်း စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရခဲ့ဘူးလို့ ဒေါက်တာ ဆာဆာ က ပြောပါတယ်။ ဒါဟာ မြန်မာပြည်သူ ၅၄ သန်းကို ကိုယ်စားမပြုတဲ့အတွက်ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဆာဆာ က ထောက်ပြပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အဓိကကူညီနေတဲ့ အလှူရှင်နိုင်ငံကြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း မြန်မာ့ငြိမ်းချမ်းရေးအတွက် ငွေကြေးရော၊ နည်းပညာတွေပါကူညီခဲ့သလို၊ ငါးနှစ်အတွက် အမေရိကန်ဒေါ်လာ သန်းခုနှစ်ထောင့်ခုနစ်ရာကျော် ကူညီမယ်လို့ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ် နှိပ်စက်မှုတွေ မျက်ဝါးထင်ထင် ပေါ်ပေါက်လာတဲ့နောက်မှာ အကူအညီသစ်တွေ ဆိုင်းငံ့ထားမယ်လို့ မတ်လ နောက်ဆုံးပတ်ထဲမှာ ကြေညာခဲ့ပါတယ်။ မကြာသေးခင်ကလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့ မြန်မာ ဘောလုံးသမား ကိုပြည့်လျှံအောင်ကို ဂျပန်အစိုးရ ခိုလှုံခွင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-08-23 01:37

Cheers JAPAN. Thanks and we appreciate for your standing with Myanmar people and NUG CRPH.