ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးရာမှာ ပြဿနာပေါင်းစုံ ကြုံရ
2015.10.17
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ဒီကနေ့ ကြိုတင်မဲတွေ စတင်ပေးရာမှာ ဂျပန်နိုင်ငံမှာ ဆန္ဒမဲလက်မှတ် အပြည့်အစုံမရတာတွေ ကြုံတွေ့နေရတယ်လို့ ကြိုတင်မဲပေးသူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အတွက် ဆန္ဒမဲလက်မှတ်တွေ အပြည့်အစုံမရတာကြောင့် မဲမပေးခဲ့ကြရတဲ့သူများတာ တွေ့ခဲ့ရတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံသား ကိုနန္ဒလင်းက ပြောပါတယ်။
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ တစ်ထောင်ဝန်းကျင်ရှိကြောင်း သံရုံးကထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ကြိုတင်မဲပေးနိုင်တဲ့ရက်ကို အရင်က ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်သတ်မှတ်ထားပေမယ့် မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ နာမည်ကျန်နေသူတွေ များတာကြောင့် မြန်မာနိုင်ငံသားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် လာမယ့် အောက်တိုဘာလ ၂၃ရက်နေ့အထိ ရက်ထပ်တိုးပေးထားတယ်လို့ ကြေညာထားပါတယ်။ ထိုင်းနိုင်ငံမှာ ဒီနေ့တစ်ရက်တည်းသာ မဲပေးခွင့် သတ်မှတ် ထားပြီး မလေးရှားနိုင်ငံမှာတော့ မနက်ဖြန် အောက်တိုဘာလ ၁၈ရက်နေ့မှာ ကြိုတင်မဲပေးဖို့ သတ်မှတ်ပေးထား ပါတယ်။
ဒီအကြောင်းတွေကို RFA သတင်းထောက် မမိုးကလျာဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ ဒီကနေ့ ကြိုတင်မဲပေးခဲ့တဲ့ ကျောင်းသူတစ်ဦးကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
စင်္ကာပူနိုင်ငံမှာ တတိယမြောက်နေ့အဖြစ် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဒီကနေ့ ကြိုတင်မဲဆန္ဒတွေပေးခဲ့ကြတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။