စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်တာတွေရပ်ဖို့ ဂျပန်ကုမ္ပဏီကို JFM တိုက်တွန်း
2024.06.18

စစ်ကောင်စီရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာ့ပုလဲလုပ်ငန်း (MPE) နဲ့ ဂျပန် TASAKI လုပ်ငန်းတို့ ပူးပေါင်းလုပ်ကိုင်နေတာ ရပ်တန့်ဖို့ Justice For Myanmar (JFM) က ဇွန်လ ၁၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီအနေနဲ့ မြန်မာ့ပုလဲလုပ်ငန်း (MPE) ကနေ ပုလဲထုတ်လုပ်မှုရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ခွဲဝေရရှိနေတယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် အကောက်ခွန်ကနေ တခြားဝင်ငွေတွေနဲ့ ထပ်ဆင့်ထုတ်လုပ်တာကနေ ပံ့ပိုးပေးနေတဲ့ နည်းပညာလွှဲပြောင်းတာတွေကလည်း အကျိုးခံစားခွင့်ရရှိနေတယ်လို့ ဆိုပါတယ်။
ဂျပန် TASAKI လုပ်ငန်းအနေနဲ့ စစ်ကောင်စီက စစ်ရာဇာဝတ်မှုကျူးလွန်နိုင်ဖို့ လက်နက်ဝယ်ယူတာနဲ့ လောင်စာဆီဝယ်ယူတာတွေကို ထောက်ပံ့နေတာလို့ Justice For Myanmar (JFM) က ထောက်ပြထားပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့ TASAKI လုပ်ငန်းကို တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို JFM က ဇွန်လ ၁၁ ရက်နေ့က ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။
TASAKI အပါအဝင် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MPE နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းစုအားလုံးကို အဆုံးသတ်ဖို့လိုပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်လို့လည်း ပြောထားပါတယ်။