အမျိုးသားရင်ကြားစေ့ရေးလုပ်ဖို့ မြန်မာအစိုးရသစ်ကို ဂျပန်တိုက်တွန်း

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ် အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်လာ အောင် လုပ်ဆောင်သွားဖို့ ထပ်မံ တိုက်တွန်းကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာကေးရှိ-မာဆုမို့တို က မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

2011.04.02

မြန်မာ့နိုင်ငံရေးမှာ အားလုံး ပါဝင်လာနိုင်မယ့် အခင်းအကျင်းမျိုး ဖြစ်လာအောင် လက်ရှိ လွှတ်တော်တွင်းမှာ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးခွင့်တွေ ပေးပြီး အဲဒီကတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည် လုပ်ဆောင်သွားဖို့ မိမိတို့ ဂျပန်နိုင်ငံက မျှော်လင့်ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ဂျပန်တို့ဟာ ရှေ့ဆက်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ဆက်ရှိစေလိုကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်လာအောင် ဂျပန်နိုင်ငံက တိုက်တွန်းလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တိုကျိုမြို့က ဦးသန့်ဇင်ဦးက အခုလို မှတ်ချက်ပေးပါတယ်။

“ဂျပန်အစိုးရ တောင်းဆိုတာတော့ လက်တွေ့ကျကျ တောင်းဆိုတာလို့ ထင်ပါတယ်။ ဒါပေမယ့် ဒီအစိုးရက အမျိုးသား ရင်ကြားစေ့ရေး အပြောင်းအလဲ ဖြစ်ဖို့ မျှော်လင့်ချက် အတော် နည်းသေးတယ်လို့ ကျနော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်းပဲ သူတို့ အတည်ပြုတဲ့ ဖွဲ့စည်းပုံ အခြေံဥပဒေက ဥပဒေဘောင် အတွင်းကပဲ တချို့ဟာတွေ လုပ်ရမယ်၊ တောင်းဆိုရမယ်၊ ဖွဲ့စည်းပုံ အခြေံဥပဒေ အကြောင်းပြပြီး တချို့နေရာတွေမှာ ချုပ်ချယ်မှုတွေ အများကြီး ရှိနေတဲ့အတွက် အမျိုးသား ရင်ကြားစေ့ရေးကို သွားဖို့ကတော့ အကန့်အသတ် တခုအနေနဲ့ ရှိအုံးမယ်လို့ ထင်ပါတယ်”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ ဂျပန်နိုင်ငံက လိုလားပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားတွေလည်း ပါဝင်နိုင်မယ့် နိုင်ငံရေး အခင်းအကျင်းတရပ် ပေါ်လာဖို့ ဂျပန်အစိုးရ အဆင့်မြင့် ခေါင်းဆောင်တွေက မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို နိုင်ငံတကာ အစည်းအဝေးတွေမှာ တွေ့တိုင်း တိုက်တွန်း ပြောဆိုလေ့ရှိပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်လာမယ့် မျှော်လင့်စရာ အချက်တွေ တွေ့မြင်ရတယ်လို့ RFA ကို ပြောဆိုပါတယ်။

ဦးဉာဏ်င်းကို RFA က ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။