ဂျပန်ဦးနှောက်ရောင်ရောဂါ ရခိုင် ကလေးငယ် ၈ ဦး သေဆုံး


2014.08.03
mosquito-culex-tritaeniorhynchus-305 ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်စေတဲ့ Culex Tritaeniorhynuhus ခြင်တစ်မျိုးကို တွေ့ရစဉ်
Photo: wikidpedia

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တေမြို့ နယ်တွေမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis-JE)ကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီနေ့အထိ အသက် ၁၀ နှစ်အောက် ကလေးငယ် ၈ ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီရောဂါနဲ့ပတ်သက်ပြီး စစ်တွေမြို့ အထွေထွေရော ဂါကုဆေးရုံရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးထွန်းအောင်က အခုလိုပြောပါတယ်။

"သေဆုံးသွားတာ ၈ ယောက်ပါ၊ ဆေးကုသမဲ့ အခြေအနေက အခုသမာရိုးကျ ဆေးဝါးကုသ မှှုတွေပေါ့၊ အားလုံးတွဲပြီးတော့ ဝင်လာတဲ့ ဟာတွေပေါ့၊ ဖျားရင်ဖျားတာနဲ့ တက်ရင်တက်တာနဲ့ အဲ့ဒါတွေကို ကုပေးပါတယ်၊ တိုက်ရိုက် ကာကွယ်ဆေးတွေကတော့ ကျနော်တို့ အခုအချိန်အထိ မလုပ်ပေးနိုင်သေးဘူးပေါ့၊ မလုပ်ပေးနိုင်သေးဘူးဆိုတာ ဒါကကာကွယ်ရမယ့်ဆးဆိုတာ ကျနော်တို့ ကာကွယ်ရမဲ့ဆေးဆိုတာ ဆရာတို့တိုင်းပြည်မှာ စပြီးတော့ မလုပ်သေးဘူးပေါ့နော်၊ ကူးစက်ကာကွယ်ဆေးလုပ်ဖို့လုပ်ငန်း လုပ်ဖို့အစီအစဉ်တော့ရှိပါတယ်၊ အခုလောလောဆယ်အထိတော့ မလုပ်နိုင်သေးဘူး"

ဒါ့အပြင် လက်ရှိ စစ်တွေမြို့အထွေထွေရောဂါကုဆေးရုံကြီးမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ(Japanese Encephalitis-JE) ခံစားနေရတဲ့ လူနာ ၁၉ ဦးအထိရှိပြီး မြန်မာနိုင်ငံမှာ အဲ့ဒီရောဂါကို ကာကွယ်နိုင်တဲ့ ဆေးဝါး မရှိသေးဘူးလို့ သိရပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါ(Japanese Encephalitis-JE) ဟာ ကျူးလပ်(စ်) (Culex Tritaeniorhynuhus)ခေါ် ခြင် ကနေတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး ရောဂါလက္ခဏာတွေကလည်း ပြင်းထန်သလို ကုသမှုနောက်ကျရင် အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလလောက်က အဲ့ဒီဗိုင်းရပ်(စ်)ကို တွေ့ရှိခဲ့ပေမယ့် အသက်ဆုံးရှုံးတဲ့အခြေအနေထိ မရောက်ဘဲ ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် အသက်သေဆုံးတဲ့ အခြေအနေအထိ ဖြစ်ပေါ်နေတာလို့လည်း သိရပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ကလေးလူကြီးမရွေး ဖြစ်ပွားလေ့ရှိနိုင်ပေမယ့် အသက် ၁၀ နှစ်အောက် ကလေးငယ်တွေဟာ ကိုယ်ခံအားနည်းတဲ့အတွက် သေဆုံးမှု ပိုများသလို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် အဲ့ဒီရောဂါဖြစ်လာရင် သေဆုံးမှုဟာ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းအထိရှိကြောင်း သိရပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးသွားတဲ့ ကလေးငယ် ၈ ဦးဟာ စစ်တွေမြို့နယ်က ၄ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ ဦးနဲ့ ပေါက်တောမြို့နယ်က ၁ ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။