နေပြည်တော်အသွား ကားမှောက်၍ ဂျပန်တဦးနှင့် မြန်မာအရာရှိသေဆုံး

ရန်ကုန်- ပျဉ်းမနား နေပြည်တော် အမြန်လမ်းမကြီးမှာ ဇန်နဝါရီလ ၂၂ ရက် စနေနေ့ည က ကားမှောက်မှု တခုဖြစ်ပွားခဲ့ရာမှာ အတွက် ဂျပန်လူမျိုး တဦးနဲ့ မြန်မာအရာရှိတဦး သေဆုံးသွားကြောင်း ဂျပန်တိုင်းမ်စ် သတင်းစာက ဖော်ပြပါတယ်။

2011.01.25
naypyidaw_road_construction_305_z.png နေပြည်တော်လမ်းမကြီးကို အလုပ်သမားများ ပြင်ဆင်နေ ကြစဉ်
(Photo: AFP)
သူတို့ဟာ ရန်ကုန်က နေပြည်တော်ကို ကားနဲ့အသွား ကားတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ ဂျပန်လူမျိုးဟာ ဟိဒဲကီ ဟာဆဲဂါဝ အမည်ရှိ အသက် ၄၀ ကျော်အရွယ် သွားဆရာဝန် တယောက်လို့ သိရပြီး၊ သေဆုံးသူ မြန်မာအရာရှိကတော့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အရာရှိ တဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ကားပေါ်မှာ ပါလာသူ တခြား မြန်မာအရာရှိ နှစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံ တင်ထားရပါတယ်။

အသစ် ဖောက်လုပ်ထားတဲ့ ရန်ကုန်-နေပြည်တော် ကားလမ်းသစ်ဟာ ရန်ကုန်မြို့ ထောက်ကြံ့ကနေ ပျဉ်းမနား တပ်ကုန်းအထိ ၁၀၅ မိုင်ရှည်လျားတဲ့ ၁၂ လမ်းမောင်း ကွန်ကရစ် အမျိုးအစား ကားလမ်း ဖြစ်ပါတယ်။ ကားလမ်း ဖောက်တာ မကြာသေးပေမဲ့ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အဖြစ်များဆုံး နဲ့ လူသေဆုံးမှု အများဆုံး ကားလမ်းတခု ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒီလမ်းက ဖြောင့်တယ်၊ လမ်းဘေးမှာ သတိပေး ဆိုင်းဘုတ်တွေ ရှိတယ်။ အဲဒီမှာလည်း ရေးထားတယ်၊ တနာရီ မိုင် ၆၀ မကျော်ရ၊ ၆၀ ကျော်ရင် သေမယ်ဆိုပြီးတော့။ အားလုံး အချက်ပြတွေ ဘာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ထူးခြားတာက ညဖက်ကျရင်တော့ မောင်းလာရင် မီးမရှိဘူး။ မီးမရှိတဲ့အထဲမှာ အဓိက မှောက်တယ်။”

အဲဒီ လမ်းမှာ ကားမှောက်လို့ သေဆုံးသူတွေထဲမှာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းရဲ့ မြေးဖြစ်သူနဲ့ အစိုးရအရာရှိကြီးတွေ မိသားစုတွေလည်း ပါဝင်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေလည်း ရွေးကောက်ပွဲ မတိုင်ခင်က အဲဒီလမ်းမှာ ကားမှောက်လိ့ု ဒဏ်ရာ ရခဲ့ဖူးပါတယ်။

နေပြည်တော်ခရိုင်မှာ ၂၀၁၀ ခုနှစ်အတွင်း ယာဉ် မတော်တဆ ဖြစ်ပွားမှု ကြောင့် သေဆုံးသူ ၁၇၀ လောက် ရှိတယ်လို့ ပျဉ်းမနား နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ စာရင်း အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။