မြန်မာစစ်တပ်ကို လေယာဉ်ဆီမရောင်းဖို့ ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်
2024.04.08
မြန်မာစစ်တပ်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လေယာဉ်ဆီမရောင်းချအောင်တောင်းဆိုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်တယ်လို့ ဥပဒေရေးရာသတင်းတွေ ရေးသားဖော်ပြနေတဲ့ The Jurist က ဧပြီလ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ရာမှာ အသုံးပြုဖို့အတွက်လို့ သံသယရှိရင် မြန်မာစစ်တပ်ကို လေယာဉ်ဆီအပြင် ထောက်လှမ်းရေးသုံးပစ္စည်း၊ နည်းပညာနဲ့ စစ်လက်နက်တွေကိုပါ ကုလအဖွဲ့ဝင်နိုင်ငံတွေက တင်ပို့ရောင်းချတာ၊ လွှဲပြောင်းပေးတာတွေမလုပ်အောင် တောင်းဆိုဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
အခုလိုတောင်းဆိုဖို့ တရုတ်နိုင်ငံ အပါအဝင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်တွေအားလုံးက ဧပြီလ ၄ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်တာလို့ The Jurist က ဖော်ပြပါတယ်။
ဒီဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ထောက်ခံကြိုဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၄ ရက်နေ့ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် တံခါးဖွင့်အစည်းအဝေး ကျင်းပခဲ့ပါတယ်။