ကျောက်မျက်ဥပဒေကြမ်းကို ဖားကန့်မှာ ဆန္ဒပြ
2018.03.19

၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီက ဦးဆောင်ပြီး ခန့်မှန်း လူဦးရေ ၂၀၀ လောက်က ဖားကန့်မြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
အဲဒီ ကျောက်မျက်ဥပဒေကြမ်းမှာ ကျောက်မျက်ထုတ်လုပ်ခွင့် လုပ်ကိုင်ခွင့်မှာ တရားမျှတမှု မရှိကြောင်း ကချင် အမျိုးသား ကွန်ဂရက် KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ က ပြောပါတယ်။
"နံပါတ် ၁ က အကြီးစားလုပ်ကွက် ပြဋ္ဌာန်းတာကို ကျနော်တို့ ကန့်သတ်ဖို့၊ နံပါတ် ၂ က အချိန်ကန့်သတ်ချက် ပေါ့နော် လုပ်ငန်းခွင်ချိန်၊ နောက်တစ်ခုက စက်ယန္တရားကန့်သတ်ချက်၊ ကျနော်တို့ ကျောက်မျက်ထုတ်လုပ်ခွင့် လုပ်ကိုင်ခွင့်မှာ တရားမျှတမှုမရှိဘူး။ ဒီဥပဒေက အမြန်ပြဋ္ဌာန်းဖို့လိုတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး လေ၊ တရားမဝင် ထုတ်လုပ်မှုတွေက ပိုများလာလေ အဲဒီအချက်တွေကြောင့် ကျနော်တို့က ဆန္ဒပြတာဖြစ်တယ်"
လက်ရှိအခြေအနေမှာ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်ထောင်စုအဆင့် လွှတ်တော် နှစ်ရပ်မှာ ညှိနှိုင်း ဆွေးနွေးနေပြီး အဲဒီဥပဒေကြမ်းမှာ အလတ်စား၊ အသေးစား နဲ့ လက်လုပ်လက်စား လုပ်ကိုင်ခွင့် တွေ ပါဝင်တယ်လို့ သိရပါတယ်။
ကျောက်မျက်ဥပဒေကို ၁၉၉၅ ၊ ၂၀၀၃ နဲ့ ၂၀၁၆ ခုနုစ်တွေမှာ ပြင်ဆင်ခဲ့ပြီး အခုတစ်ကြိမ် ပြည်ထောင်စုလွှတ်တော် မှာ ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးသမား အများစုအပါအဝင် တစ်နိုင်ငံလုံးက လာရောက်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သား ခန့်မှန်း ၂ သိန်းဝန်းကျင်ရှိပါတယ်။