ကျောက်မျက်ကုမ္ပဏီ ၂ ခု ရပ်ဆိုင်းခိုင်း


2016.08.17

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမှော်မှာ တရားမဝင် ကျောက်မျက်တူးဖော်မှုနဲ့ ဒဏ်ငွေချမှတ်ခံထားရတဲ့ ကုမ္ပဏီနှစ်ခုကို တိုင်းဝန်ကြီးချုပ်က လုပ်ငန်းလည်ပတ်ခွင့် ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ကွင်းဆင်းစစ်ဆေးရာမှာ မြေစာစွန့်ပစ်တာတွေ စနစ်တ ကျ ဆောင်ရွက်ထားတာမရှိတဲ့အတွက် လင်းထက်ဇော်နဲ့ ဂျိတ်ကိုး(ဒ်) ကုမ္ပဏီတို့ကို ရပ်ဆိုင်းခိုင်းလိုက်တာဖြစ် တယ်လို့ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေး က ပြောပါတယ်။

"ကျနော်တို့ ဝန်ကြီးချုပ်က လိုက်ကြည့်တဲ့အခါမှာ သတ်မှတ်ထားတဲ့ ဧကတွေထက်လည်းကျော် တူးဖော်ပုံစနစ် မှာလည်း အပေါ်ယံမြေဆီလွှာတွေကို ဖယ်ပြီးတော့ သိမ်းထားရမယ်၊ လုပ်ကွက်ပိတ်သိမ်းတဲ့အခါ ပြန်ပြီးတော့ သူ့မြေဆီလွှာအတိုင်း စနစ်တကျထားရမယ်ဆိုတာမျိုးတွေရှိတယ်၊ အဲ့တော့ ကျနော်တို့ မြေဆီလွှာပုံတွေ လိုက်ကြည့်တဲ့အခါမှာကျတော့ ဒါတွေလည်းမတွေ့ရဘူး၊ နောက်သစ်ပင်တွေ ဒီနေရာစတူးတုန်းက အပင်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာလည်း မသိရဘူး၊ အဲ့ဒါဆို ဒါတွေအကုန်ရပ်ဆိုင်းပါ၊ နောက်တစ်ခါ သစ်တောက လည်း ဒီဟာတွေလုပ်တာနဲ့ ပတ်သက်လို့  တရားစွဲထားပါတယ်"

အဲ့ဒီကုမ္ပဏီနှစ်ခုဟာ ပြီးခဲ့တဲ့ မေလကလည်း အင်းတော်မြို့နယ်တရားရုံးက တရားမဝင် ကျောက်မျက်တူးဖော်မှု နဲ့ ငွေဒဏ် ကျပ် ၅ထောင်စီ ချမှတ်ထားတာဖြစ်ပါတယ်။ တည်ဆဲဥပဒေဟာ အဟောင်းဖြစ်တာကြောင့် ကျပ်ငွေ ၅ ထောင်သာ ချမှတ်ခဲ့တာဖြစ်ကြောင်း သစ်တောဦးစီးမှူးတစ်ဦးက ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ သတ္တုတွင်းဝန်ကြီးဌာနခွင့်ပြုချက်နဲ့ အဲ့ဒီကုမ္ပဏီတွေဟာ ကျောက်မျက်တူးဖော်နေကြတာဖြစ်ပြီး သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက်မပါဘဲ လုပ်ကိုင်နေတဲ့အတွက် သစ်တောဦးစီးဌာနက တရားစွဲဆိုထားတာ လည်းဖြစ်ပါတယ်။

ကျောက်မျက်တူးဖော်ခွင့်ကို သတ္ထုတွင်းဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ပြုပေမယ့် သစ်တောဦးစီးဌာနရဲ့ သဘောထား လည်း တောင်းခံရမှာဖြစ်ပြီး ခွင့်ပြုမှသာ လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။

အင်းတော်မြို့နယ်မှာ ၁၉၉၀ ခုနှစ်ကစပြီး အရင်အစိုးရအဆက်ဆက်က ကျောက်မျက်တူးဖော်ခွင့် ပြုထားခဲ့တဲ့ ကုမ္ပဏီပေါင်း ၁၀ ခုလောက်ရှိပြီး လက်ရှိအစိုးရ လက်ထက်မှာ ခွင့်ပြုတာမရှိဘူးလို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ အင်းတော်မြို့နယ်ထဲမှာ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေအားလုံး လုပ်ငန်းရပ်ဆိုင်းထား ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။