ကျောက်မျက်ပြပွဲ ကုန်သည် ၃ ထောင်ကျော် လာမယ်
2016.06.24

၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် ခဲ့ပြီး တရုတ်နိုင်ငံက ကျောက်မျက်ကုမ္ပဏီ ၈၀၀ က ကုန်သည် ၁၈၀၀ ကျော်အပါအဝင် ပြည်တွင်းပြည်ပ ကုန်သည်ပေါင်း ၃၄၀၀ နီးပါး တက်ရောက်ဖို့ စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။
ဒီကနေ့ နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်က မဏိရတနာကျောက်မျက်ပြတိုက်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုပြပွဲမှာ ကျောက်မျက် အချောထည်တွေ ပိုများတယ်လို့ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။
"ကျောက်ကိုအရိုင်းအတိုင်း အရင်တုန်းကအတွဲတွေကို ၉ ထောင် ၁ သောင်းတင်ခဲ့ရာကနေ အခုဆိုရင် ၆ ထောင်ပဲတင်တယ်၊ ကျန်တာအချောထည်တွေပဲ၊ ဆိုင်တွေမှာအချောထည်တွေပိုပြီး များများစားစား လုပ်တာပေါ့နော်၊ အချောထည်တွေချည်းပဲ အဓိကရောင်းပြီးတော့ တဖြည်းဖြည်းနောက်ပိုင်းကျရင် အရိုင်း ကိုလျော့၊ အချောကိုတဖြည်းဖြည်းမြှင့်ပြီး လုပ်ဖို့အတွက်လုပ်နေတာ၊ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှု လည်း ဒီပွဲမှာကြည့်မယ်လေ၊ ကြည့်ပြီးရင် ဒီဟာတွေကို ဘယ်လိုအချောထည်မျိုးကို ပိုကြိုက်လဲပေါ့နော် ၊ နှစ်သက်ရာပေါ့ ဒါဘက်ကိုတဖြည်းဖြည်း ကုန်သည်တွေကပြောင်းသွားရမယ်ပေါ့နော်၊ ဈေးကွက် စီးပွားရေးအရပဲ ဒါပြောင်းသွားကြရမှာ"
အရင်က ကျောက်မျက်ပြပွဲလေလံဆွဲတဲ့ နိုင်ငံခြားသားတွေကို ယူရို တစ်သောင်းလောက်ပဲ စပေါ်ငွေ တင်ရပေမယ့် အမှန်တကယ်မဝယ်ယူဘဲ လေလံဆွဲသူတွေရှိလို့ စပေါ်ငွေယူရို ငါးသောင်းတင်ရမယ်လို့ ဦးဝင်းထိန် က ပြော ပါတယ်။
ကျောက်မျက်ပြပွဲတွေကို အရင်က ရန်ကုန်မှာသာကျင်းပခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ကစတင်ပြီး နေပြည်တော်မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီကနေ့စတင်ကျင်းပတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင်လ ၆ ရက်အထိ ကျင်းပသွားမှာဖြစ် ပြီး ကျောက်စိမ်းတင်ဒါအတွဲပေါင်း ၅၈၀၀ ကျော်၊ ကျောက်စိမ်း ဈေးပြိုင် အတွဲပေါင်း ၁၆၀ ကျော်၊ ပုလဲတင်ဒါအတွဲပေါင်း ၃၃၀ ကျော်၊ ပုလဲဈေးပြိုင်အတွဲ ပေါင်း ၁၆၀ နီးပါး တင်ပြရောင်းချမှာဖြစ်ပါတယ်။