၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီ ဖမ်းဆီးခံရ
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီကို အောက်တိုဘာ ၂၃ ရက် ညပိုင်းက ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက ဒီနေ့ အောက်တိုဘာ ၂၄ ရက်မှာ လူမှုကွန်ရက်ပေါ်မှာ ရေးသား ထားပါတယ်။
"ကိုဂျင်မီကို စကစတွေ ဖမ်းဆီးသွားပါတယ်။ အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်" လို့ မနီလာသိန်း က သူ့ Facebook မှာ ဖော်ပြထားပါတယ်။ ကိုဂျင်မီရဲ့ဇနီး မနီလာသိန်း က နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြသနာ အားလုံးအတွက် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။
ကိုဂျင်မီဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံက ပေါ်ပေါက်လာခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်သလို ၁၉၈၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ၁၆ နှစ်ကြာ စစ်အစိုးရဲ့ ဖမ်းဆီးထောင်ချတာကို ခံခဲ့ရပြီး အဲဒီနောက် ၂၀၀၇ ခုနှစ်မှာ ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဂျင်မီဟာ ၂၀၂၁ ခုနှစ် လူထုအုံကြွမှုမှာလည်း ပါဝင်လှုံဆော်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရာဇသတ် ကြီးပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲဆိုထားပြီး ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။