အစိုးရတပ်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြား နယ်မြေမသတ်မှတ်နိုင်သေးမီ သတိထားဖို့လို
2018.09.13

အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ကိုယ်ပိုင်နယ်မြေ သီးသန့် မသတ်မှတ်နိုင်သေးတဲ့အတွက် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ နယ်မြေအစည်းအခြားနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U တာဝန်ရှိသူက ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ NRPC မှာ ပြုလုပ်တဲ့ JMC-U ဒုတိယနေ့ အစည်းအဝေးအပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ JMC-U အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါးက အခုလို ပြောတာဖြစ်ပါတယ်။
မနေ့ကပြုလုပ်တဲ့ အစည်းအဝေး ပထမနေ့ အဖွင့်အမှာစကားမှာ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တဘက်နဲ့ တဘက်ယုံကြည်မှုတည်ဆောက်နေတဲ့ကာလမှာ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားဖို့နဲ့ နယ်မြေ တည်ဆောက်တာတွေ အင်အားတည်ဆောက်တာတွေကို မပြုလုပ်ကြဖို့ သတိပေးပန်ကြားလိုတယ်လို့ ထည့်သွင်းပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ ဒေါက်တာရွှေခါး က အခုလိုပြော တာဖြစ်ပါတယ်။
အဲဒီကိစ္စဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်လို့ အကြိမ်ကြိမ်ပြော ခဲ့ပေမယ့် အခုချိန်ထိ မဆွေးနိုင်သေးဘူးလို့ ဒေါက်တာရွှေခါးက ဆိုပါတယ်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ (၁၈) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီအစည်းအဝေးကို ၃ ရက်ကြာပြုလုပ်မှာဖြစ်ပြီး အဖွဲ့ ၂၇ ယောက်ပါတဲ့ JMC-U က အစိုးရကိုယ်စားလှယ် ၁၀ ယောက်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၁ ယောက်နဲ့ အရပ်သား ကိုယ်စားလှယ် ၆ ယောက် တက်ရောက်နေပါတယ်။