တပ်မတော်နဲ့ RCSS က ထိပ်ပိုင်းခေါင်းဆောင်တွေ ပဋိပက္ခ လျော့ချရေး တွေ့ဆုံမည်


2018.09.14
jmc-u-press-622.jpg ရန်ကုန်မြို့ NRPC မှာ သုံးရက်ကြာကျင်းပခဲ့တဲ့ JMC- U အစည်းအဝေးအပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ထိပ်တိုက်တွေ့ဆုံမှုတွေကို လျော့ချနိုင်ဖို့အတွက် အစိုးရ တပ်မတော်နဲ့၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့က  ဆုံးဖြတ်ချနိုင်တဲ့ ခေါင်းဆောင်တွေ မကြာခင်တွေ့ဆုံ သွားဖို့ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ NRPC မှာ သုံးရက်ကြာကျင်းပခဲ့တဲ့ JMC- U အစည်းအဝေးအပြီး ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးက ပြောပါတယ်။

RCSS အဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံမှုသာရှိပြီး အခုလို ဆုံးဖြတ်ချနိုင်တဲ့ ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့အတွက် အားလုံးက အဆင်သင့်ဖြစ်နေပြီဖြစ်လို့ မကြာခင် တွေ့ဆုံသွားဖို့ရှိတယ်လို့ ဒေါက်တာရွှေခါးက ပြောပါတယ်။

နှစ်ဖက်မြေပြင်တပ်မှူးတွေ တွေ့ဆုံမှုက ပဋိပက္ခတွေကို လျော့ချနိုင်မယ်လို့ယုံကြည်တဲ့အတွက် အမြန်ဆုံးတွေ့ဆုံဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ အရင်အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ထားတဲ့ အခြေအနေတွေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိရေးကိစ္စအပါအဝင် ဒေသခံ အရပ်သား စောင့်ကြည့်သူ (LCM) နဲ့ ပတ်သက်တဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဖော်ဆောင်ဖို့အတွက် ရန်ပုံငွေ အမေရိ ကန်ဒေါ်လာ ၃ သန်းကျော်လောက် ခန့်မှန်းထားပြီး အပစ်ရပ်ဒေသတွေမှာ ဒေသခံအရပ်သား စောင့်ကြည့်သူ (LCM) နဲ့ပတ်သက်တဲ့ လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ ၁ သန်းခန့် သုံးစွဲသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။