အပစ်ရပ်ဆွေးနွေးပွဲ ထူးခြားမှု မရှိ

သီဟထွန်း
2020.07.08

တနှစ်နဲ့ ၁၀ လကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးကို နေပြည်တော်မှာ ၂ ရက်တာ ပြုလုပ်ခဲ့ပေမယ့် တပ်နေရာချထားရေး အငြင်းပွားမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားတဲ့ ကိစ္စတွေမှာ သဘောတူညီချက် မရခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တချို့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ရပ်တန့်ခဲ့ရတဲ့ ၁၉ ကြိမ်မြောက် JMC-U အစည်းအဝေးကို နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပေမယ့် တပ်နေရာချထားရေးအပိုင်းတွေမှာ တိကျတဲ့သဘောတူညီချက်မရခဲ့ဘဲ ၂၀ ကြိမ်မြောက် JMC-U အစည်းအဝေးကို စက်တင်ဘာလ ဒုတိယပတ်ထဲမှာ ထပ်မံကျင်းပဖို့သာ သဘောတူခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC အတွင်းရေးမှူး-၁ ဒေါက်တာ ရွှေခါးရ် က တပ်နေရာချထားရေးအပိုင်းနဲ့ တိုက်ပွဲတွေကို ရှောင်ရှားနိုင်ဖို့က နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေအကြား Bilateral ဆွေးနွေးပွဲတွေမှာ ညှိနှိုင်းမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီတခေါက်မှာတော့ အဲဒီကိစ္စတွေ ဆွေးနွေးရမှာဖြစ်တဲ့အတွက် လောလောဆယ်ဖြစ်နေတဲ့ ထိတွေ့မှုတွေ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ မဆွေးနွေးသေးဘဲနဲ့ ထိတွေ့မှုတွေ နောင်အခါမှာ မဖြစ်ဖို့အတွက်ကို ရှောင်ရှားရမလဲ။ အဲဒီကိစ္စတွေက အကုန်လုံးက ဒီခုနပြောတဲ့ Bilateral  ဆွေးနွေးပွဲမှာ ဒါသူတို့ဆွေးနွေးကြမှာဖြစ်ပါတယ်"

ဇူလိုင်လ ၃၀နဲ့ ၃၁ ရက်နေ့မှာ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်မယ့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှာ တပ်နေရာချထားရေးနဲ့ ပတ်သက်လို့ နှစ်ဖက်တပ်ဖွဲ့ ထိပ်တိုက်ဆွေးနွေးမလား၊ အစုအဖွဲ့ပုံစံနဲ့ ဆွေးနွေးမလားဆိုတာ ညှိနှိုင်းကြမယ်လို့ ဒေါက်တာ ရွှေခါးရ်က ပြောပါတယ်။

လက်တလောမှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အခြေအနေတွေကို မဆွေးနွေးသေးပဲ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေအကြား Bilateral ဆွေးနွေးပွဲမှာ ဆွေးနွေးမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က အကြိမ် ၂၀ မြောက် အစည်းအဝေးကို စက်တင်ဘာလ ဒုတိယပတ်ထဲမှာ ကျင်းပဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်

"သဘောတူညီချက် အစည်းအဝေးဆုံးဖြတ်ချက်ကတော့ အချက် ၂၀ ပေါ့။ ကျနော်တို့ ရရှိခဲ့ပါတယ်။ အချက်၂၀ မှာလည်း ကျနော်တို့ ဒါ JMC-U  ၂၀ ကြိမ်မြောက် အစည်းအဝေးကိုလည်း စက်တင်ဘာလ ဒုတိယပတ်ထဲမှာ ထပ်မံကျင်းပသွားဖို့ပေါ့နော် သဘောတူချက်တွေ ရရှိပါတယ်။ ဒါ့အပြင် အစည်းအဝေးတွေ မကျင်းပနိုင်မီ ကာလအတွင်းမှာ အရပ်သားကိုယ်စားလှယ်တွေ ၊ JMC အဆင့်ဆင့်ရဲ့ အရပ်သားကိုယ်စားလှယ်တွေ  မျက်နှာစုံညီ အစည်းအဝေးကနေပြီးတော့ တင်ပြတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ JMC ကနေပြီးတော့ မူဝါဒချမှတ်ပေးနိုင်တာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်"

JMC-U အစည်းအဝေးတွေကို အရင်က နှစ်လ တစ်ကြိမ်ပုံမှန်ကျင်းပခဲ့ပေမယ့် မကျင်းပနိုင်ခဲ့တာ ကြာပြီဖြစ်တဲ့အတွက် လာမယ့် စက်တင်ဘာလ ဒုတိယပတ်ထဲမှာ ထပ်မံကျင်းပဖို့ သဘောတူနိုင်ခဲ့တာက အောင်မြင်တဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောပါတယ်။

ဒီနေ့ ဒုတိယမြောက်နေ့ အစည်းအဝေး မနက်ပိုင်းမှာ ဆွေးနွေးပွဲကို အချိန်အတော်ကြာ ရပ်နားထားရပြီး ဆွေးနွေးပွဲမှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကို ဖုန်းနဲ့ဆက်သွယ်ပြီး တိုင်ပင်ရတာတွေ ရှိခဲ့ပါတယ်။

JMC အတွင်းရေးမှူး ၁ ဒေါက်တာ ရွှေခါးရ်ကတော့ ဆွေးနွေးပွဲ သဘောသဘာဝအရ ဒီလိုကိစ္စတွေက ဖြစ်လေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က ဖွင့်လှစ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်တချို့ကို တပ်မတော်ဘက်က ပိတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နယ်မြေပိုင်းခြားမှု တိတိကျကျ မရှိသေးတဲ့အတွက် ဒီလို ကိစ္စတွေရှိနေတာဖြစ်တယ်။ နှစ်ဖက်တပ်ဖွဲ့တွေ ထိပ်တိုက်ဆွေးနွေးတဲ့အခါ ဒီလိုအကြောင်းအရာတွေ ပါဝင်မယ်လို့ သူက ဆက်ပြောပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံ မတိုင်မီ JICM အစည်းအဝေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးတွေ ဆက်တိုက်ကျင်းပဖို့ ရှိပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြား ယုံကြည်မှုတွေ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဟာ JMC-U ရဲ့ လုပ်ငန်းပိုင်းမှာ အားနည်းချက်တွေရှိနေတာကြောင့် ဖြစ်တယ်လို့ KNU ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကော်မတီ ဒုဥက္ကဋ္ဌ-၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက မနေ့က ပြောခဲ့ပါတယ်။

JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း လက်ရှိအခြေအနေနဲ့ အလှမ်းကွာတဲ့ ကိစ္စတွေကို ဆွေးနွေးရင် ကြန့်ကြာပြီး လမ်းကြောင်းလွဲနိုင်တာကြောင့်  အလှမ်းမကွာတဲ့ ကိစ္စတွေကိုသာ ဆွေးနွေးဖို့  မနေ့က အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။`

နှစ်ရက်ကြာကျင်းပခဲ့တဲ့ JMC-U အစည်းအဝေးမှာ အဖွဲ့ရဲ့ ရန်ပုံငွေကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့တွေကြား Bilateral ဆွေးနွေးရေး၊ ဒေသခံအရပ်သားစောင့်ကြည့်သူ ( LCM) တွေ ဖွဲ့စည်းရေး စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး  ဆုံးဖြတ်ချက်ပေါင်း အချက် ၂၀ ရရှိခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။