မြန်မာ့အရေး ဦးဆောင်ခဲ့တဲ့ ဂျွန်မက်ကိန်းကို ဂုဏ်ပြုနေကြ


2018.08.24
john-mccain-622.jpg အမေရိကန် အထက်လွှတ်တော်အမတ် John McCain ဂျွန် မက်ကိန်းကို ၂ဝ၁၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: ELVIS BARUKCIC / AFP

မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်းများစွာ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံရေးလောကမှာ သူ့ရဲ့ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်းနဲ့ တက်တက်ကြွကြွ ပါဝင်ပြောဆိုမှုတွေကြောင့် ထင်ရှားကျော်ကြားလှတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် John McCain ဂျွန် မက်ကိန်း ဟာ ကာလရှည်ကြာ နာမကျန်းဖြစ်နေခဲ့ရာကနေ သောကြာနေ့ မနေ့ကတော့ သူ့ရဲ့ ဦးနှောက်ကင်ဆာ ကုသမှုတွေကို ရပ်စဲလိုက် ပြီဖြစ်ကြောင်း မိသားစုက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်းဟာ ဗီယက်နမ်စစ်မှာ တိုက်ပွဲဝင်ခဲ့တဲ့ အကျဉ်းသားဟောင်းနဲ့ စစ်ပြန်သူရဲကောင်း တစ်ဦးဖြစ်သလို အမေရိကန် သမ္မတရွေးကောက်ပွဲမှာလည်း သမ္မတလောင်းအဖြစ် ၂ဝဝ၈ ခုနှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။  သူဟာ အခု အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး လွှတ်တော်အမတ် တာဝန်တွေကို ၃၅ နှစ်ကြာ ထမ်းဆောင်ခဲ့သူပါ။

အခုလို သူ့ရဲ့ ဆေးဝါးကုသမှုတွေရပ်ဆိုင်းလိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် အမေရိကန် လွှတ်တော် ၂ ရပ်ပေါင်းမှာရှိတဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကင် ပါတီ ၂ ရပ်လုံးက လွှတ်တော်အမတ်တွေက သူ့အပေါ် ဂုဏ်ပြုစကားတွေ ထုတ်ဖော်ပြောဆိုနေကြပါတယ်။ အဲဒီသူတွေထဲမှာ အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါလ် ရိုင်ယန်၊ အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ် မက်ကောနယ်လ်တို့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။