ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက်အားလုံး ဂျော်ဒန်အလုပ်ရှင် လိုက်လျော
2011.05.11

အလုပ်သမားတွေအနေနဲ့ ခံဝန်ကတိ လက်မှတ်ထိုးစရာ မလိုပဲ အလုပ်ပြန်ဆင်းခွင့် ရပြီဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတဦးဖြစ်တဲ့ ကိုနဂါးလေးက ပြောပါတယ်။
“ပထမ ပြောတဲ့အချက်တွေကို သူအားလုံး လိုက်လျောပေးတယ်ခင်ဗျ။ ရက်မှန်ကြေး ၁၀ နေရာမှာ ၁၈ ကျပ် ရလိုက်ပါတယ်ခင်ဗျာ။ ဘောနပ်စ်ကြေးမှာ အရင်တုန်းက ၂၄ ကျပ်ဆိုတာ အများဆုံးပဲခင်ဗျ။ အခု ၃၂ ကျပ် အထိ တိုးရပါတယ်။ ထမင်းဖိုး ၁၅ ကျပ်ကို လုံးဝ မဖြတ်တော့ပါဘူး။ ပြီးခဲ့တဲ့လက ဆန္ဒပြလို့ ဖြတ်ထားတဲ့ ၃၅ ကျပ်ကို ဒီလ လခထုတ်လို့ရှိရင် ပြန်ထည့်ပေးပါမယ်၊ လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စတွေကိုလည်း လုံးဝ မထိုးခိုင်းတော့ပါဘူးခင်ဗျ။ အားလုံး အေးအေးဆေးဆေးပါပဲ ခင်ဗျ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြီးသွားပါတယ်။”
အလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့ ၊ စားစရိတ် မဖြတ်ဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေမှာ အလုပ်ရှင်က အလုပ်သမား တွေရဲ့ တောင်းဆိုချက်တွေထဲက တချို့ကို လိုက်လျောပေးခဲ့ပြီး အဲဒီလိုက်လျောချက်တွေကို သဘောတူညီကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းကာ အလုပ်ပြန်ဆင်းဖို့ ပြောဆိုခဲ့ပါတယ်။
အလုပ်သမားတွေအားလုံးက လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့ပြီး ဆက်လက် ဆန္ဒပြခဲ့ကြရာက နောက်ဆုံး မနေ့ ညနေမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက် အားလုံးကို အလုပ်ရှင်က လိုက်လျောလိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဂျော်ဒန်နိုင်ငံမှာ နိုင်ငံခြားသားတွေ ရသင့်တဲ့ အခြေခံလစာအဖြစ် ဂျော်ဒန်ငွေ JD ၁၁ဝ သတ်မှတ်ထားပြီး ဂျော်ဒန် နိုင်ငံသားတွေအတွက် အခြေခံလစာကတော့ JD ၁၅ဝ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေ အလုပ်လုပ်နေတဲ့ တခြား အထည်ချုပ် စက်ရုံတွေမှာတော့ စားစရိတ်လည်း မဖြတ်တဲ့အပြင် ကျန်းမာရေး စောင့်ရှောင့်မှုတွေလည်း ပေးပြီး လစာငွေလည်း ပိုပေးကြောင်း သိရပါတယ်။အခု ဆန္ဒပြနေကြတဲ့ စက်ရုံမှာ မြန်မာအလုပ်သမား ၂၃၅ ဦး ရှိပါတယ်။ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံသားတွေလည်း လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။