အမေရိကန် ဒု-လက်ထောက် ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့တွေ့ဆုံ

မြန်မာနိုင်ငံကိုရောက်ရှိတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံံခြားရေးဝန်ကြီး Joseph Yun ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဟုတ်ပဲ တခြားပါတီတွေက အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ မေလ ၂၀ ရက် သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။

2011.05.20
joseph_yun_state_dept_305_z.png အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဖ် ယွန် ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ဗဟန်းမြို့နယ်က Savoy ဟိုတယ်မှာ နေ့လည်စာ သုံးဆောင်ရင်း တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ မြောက်ဥက္ကလာပ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက ပြောပါတယ်။

“NDF က ကျွန်တော်ရယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (NUP) က တယောက်ရယ်၊ ချင်းပါတီက တယောက်၊ ရခိုင်ပါတီက တယောက်နဲ့ ဒီမိုကရက်တစ်ပါတီက တယောက်၊ အားလုံး ၅ ယောက်ပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဦးမန်းမောင်မောင်ဉာဏ်၊ နောက် ရခိုင်ပါတီကတော့ ဦးသာစိန်၊ နောက်ပြီးတော့ ဒီမိုကရက်တစ်ပါတီက ဒေါက်တာ ညိုညိုသင်း၊ ချင်းပါတီက ဦးဇိုဇံထွန်း။”

Mr Joseph Yun နဲ့ အတူ ရန်ကုန် အမေရိကန်သံရုံး ယာယီတာဝန်ခံ Larry Dinger နဲ့ သံရုံး အရာရှိ သုံးဦး ပါဝင်တယ်လို့ သိရပြီး နေပြည်တော်မှာ အစိုးရအဖွဲ့ဝင်တချို့နဲ့ သူ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အကြောင်း Mr Joseph Yun က ရှင်းပြတယ်လို့ ပြောပါတယ်။

“သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့ ဒီလုပ်ဆောင်ချက်တွေဟာ အပြောင်းအလွဲတွေ ဖြစ်လာနိုင်သလား ဆိုပြီး ကျွန်တော်တို့ကို မေးပြီးတော့ ကျွန်တော်တို့ကတော့ ဒါ အခုနေ ပြောရမှာတော့ စောသေးတယ်။ ဒါပေမဲ့ ကောင်းသော အပြောင်းအလွဲတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်ဆိုပြီး ကျွန်တော်တို့ ဖြေလိုက်တယ်လေ။”

“နောက်ပြီးတော့ ဒီ အမေရိကားက ချမှတ်ထားတဲ့ sanction နဲ့ ပတ်သက်လို့ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစုရဲ့ ပေါ်လစီက ပြည်သူလူထုကို ထိခိုက်တာ ဆိုလို့ရှိရင်တော့ ပိတ်ဆို့မှုတွေကို ပြန်စဉ်းစား သုံးသပ်ပြီးတော့ ဆောင်ရွက်ပေးသင့်ပါတယ် ဆိုတဲ့ NDF သဘောထားကို ကျွန်တော် ပြောလိုက်တယ်။ နောက်တချက်က အခု ထုတ်လိုက်တဲ့ amnesty order ကတော့ သိပ်ပြီးတော့ လုံလောက်မှု မရှိသေးဘူးဆိုတဲ့ မှတ်ချက်တော့ ကျွန်တော်တို့ ပေးလိုက်တယ်။ အဓိက အဲဒီ သုံးချက်ပါပဲ။

Mr Joseph Yun က NDF နဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆက်ဆံရေးကို မေးမြန်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက် NDF ခေါင်းဆောင်တွေ နှစ်ကြိမ် တွေ့ဆုံခဲ့တဲ့အကြောင်း၊ လောလောဆယ်တော့ နိုင်ငံရေးအလုပ် အတူ လုပ်ဆောင်တာ မရှိသေးတဲ့အကြောင်း ပြောပြခဲ့တယ်လို့ ဒေါက်တာသန်းဝင်းက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။