သတင်းမီဒီယာသမားတွေ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုအပ်


2018.09.15
aunghlatun-622.jpg ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကို တွေ့ရစဉ်
Photo: RFA

သတင်းမီဒီယာသမားတွေအနေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ရရှိမယ့်သတင်းရလဒ်နဲ့ ပေးဆပ်ရမယ့် တန်ဖိုးပေါ်မူတည်ပြီး လုပ်ကိုင်ဖို့ ပြန်ကြားဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။

ရိုက်တာ သတင်းထောက် ၂ ဦး ထောင်ဒဏ်အပြစ်ပေးခံရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းတာ ကို ဦးအောင်လှထွန်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဥပဒေကရှိတယ်လေ၊ဥပဒေတစ်ခု တည်ရှိနေသရွေ့ သူ့ကိုလိုက်နာရမှာပဲလေ၊ နိုင်ငံသားတိုင်းဟာ လူတိုင်းဟာ ဥပဒေကို လိုက်နာရတယ်၊ ကျနော်တို့ဟာ ခြွင်းချက်မဟုတ်ဘူး၊ အဲတော့ ဥပဒေတစ်ခုဟာ မဖျက်သိမ်းရသေး သရွေ့ကတော့ ကျနော်တို့က သတိထားပြီး ဆောင်ရွက်ရမှာပဲ၊ ကိုယ့်ရဲ့အလုပ်ကိုလည်းလုပ်ရမယ် တည်ဆဲ ဥပဒေကိုလည်းသိရမယ်၊ အဲဒီနှစ်ခုကြားမှာ ကျနော်တို့လည်း အဲလိုပဲရှင်သန်ခဲ့ရပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာ အဲလို ရှင်သန်ခဲ့ရပါတယ်၊ ဥပေဒကို ပြုပြင်တာသုံးသပ်တာက တကဏ္ဍပဲ၊ ဒါပေမဲ့ ဥပဒေကို လိုက်နာမှု အပိုင်းကတော့ ဘယ်သူမှ ပေါ့ဆလို့မရပါဘူး၊ အဲတော့ ကျနော်တို့ မီဒီယာသင်တန်းတွေမှာ သင်တာတွေ့ ရပါတယ်။ ဘယ်လောက်အန္တရာယ်ရှိလဲ၊ ရမယ့်ဟာနဲ့ ပေးဆပ်ရမယ့်ဟာနဲ့ ဥပဒေဘာထားလဲ ထိန်းချုပ်မှုက ဘာရှိလဲ၊ လုပ်ပိုင်ခွင့်က ဘာရှိလဲ၊ အဲဒီကြားမှာပဲ ကိုယ်က ရှင်သန်အောင်လုပ်ရတာပဲလေ၊ ဒါကြောင့် သတိထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ပဲ အကြံပေးချင်ပါတယ်"

ပြည်တွင်းမီဒီယာအပါအဝင် နိုင်ငံပိုင်မီဒီယာတွေအနေနဲ့ မြန်မာအကြောင်းကို ပုံဖော်ရေးသားတင်ပြတာ အားနည်းခဲ့လို့ နိုင်ငံတကာမီဒီယာတွေရဲ့ စိတ်ကြိုက်ပုံဖော်တာကို ခံခဲ့ရတာ ဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောခဲ့ပါတယ်။

ရွေးချယ်တင်မြှောက်ခံရတဲ့ သတင်းမီဒီယာ ကောင်စီဝင်သစ်တွေနဲ့ ပြန်ကြားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒု ဝန်ကြီးတို့ ရန်ကုန်မြို့ ပြန်ကြားဝန်ကြီးဌာန ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဦးစီးဌာနမှာ တွေ့ဆုံရာမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌသစ် ဟံသာဝတီ ဦးအုန်းကြိုင်က အစိုးရက ချပေးလိုက်တဲ့ သတင်းမီဒီယာ ကောင်စီရုံးခန်းအသစ် ပြင်ဆင်နေမှု အခြေအနေနဲ့ လိုအပ်ချက်တွေကိုသာ တင်ပြသွားခဲ့ပါတယ်။

ကောင်စီဝင်တွေကလည်း သတင်းမီဒီယာဥပဒေ အမြန်ဆုံး ပေါ်ထွက်လာရေးစတဲ့ အချက်တွေကို တင်ပြခဲ့ကြ ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်းနဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်သစ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။