အပြင်ထွက် အလုပ်လုပ်ခွင့်ရသူထဲ သတင်းသမား မပါဝင်သေး


2020.09.23
media-reporters-622 သတင်းယူနေတဲ့ မီဒီယာသမားတွေကို တွေ့ရစဉ်
Photo: RFA

နေအိမ်တွေမှာပဲနေကြရမယ့် အစီအစဉ်ထဲမှာ မပါဝင်သူတွေကို အစိုးရက စက်တင်ဘာ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထပ်မံထုတ်ပြန်ခဲ့ပေမယ့် ဒီအထဲမှာ စတုတ္တမဏ္ဍိုင်လို့ပြောတဲ့ သတင်းမီဒီယာ လုပ်ငန်းတွေကို ချန်ထားခဲ့ပါတယ်။

အပြင်ထွက်ခွင့်ရစာရင်းထဲမှာ လေကြောင်းလိုင်း၊ ကုန်ပစ္စည်းတင် လေကြောင်းလိုင်းတွေနဲ့ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီတွေ အပါအဝင် အခြားသော လေကြောင်းလိုင်းတွေ၊ ရေကြောင်း ပို့ဆောင်ရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ အင်တာနက်၊ မိုဘိုင်းဖုန်းလိုင်းနဲ့ သက်ဆိုင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ပါဝင်လာပါတယ်။

အကောက်ခွန် ကုမ္ပဏီတွေကိုတောင် ဖွင့်ခွင့်ပေးလိုက်ပြီး မီဒီယာကိုထည့်သွင်း မစဉ်းစားတာဟာ မီဒီယာဟာ အကောက်ခွန်ကုမ္ပဏီလောက် အရေးမကြီးဘူးဆိုတဲ့သဘော သက်ရောက်ပြီး ဒါဟာ သဘာဝမကျဘူးလို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က RFA ကို ပြောပါတယ်။

မီဒီယာလုပ်ငန်းတွေ အတွက် ထည့်သွင်းစဉ်းစားပေးဖို့ နေပြည်တော်က ဗဟိုကိုဗစ်ကော်မတီကို ထပ်မံ အကြောင်းကြားသွားမယ်လို့ ဦးမြင့်ကျော်က ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းက ၄၅ မြို့နယ်ကို နေအိမ်မှာပဲနေဖို့ အစိုးရက အမိန့်ထုတ်ပြီး နောက်ရက်ကစလို့ ဆက်တိုက် ဆိုသလိုပဲ ရန်ကုန်အခြေစိုက် သတင်းစာတွေ ယာယီ ရပ်နားလိုက်ကြပါတယ်။

စံတော်ချိန်၊ မြန်မာတိုင်းမ်၊ 7Day နဲ့ The Voice Daily သတင်းစာတွေ ဖြစ်ပါတယ်။

ကန့်သတ်ကာလ သတင်းထုတ်လုပ်နိုင်ရေးနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့က နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းရာမှာတော့ မီဒီယာတွေ အိမ်ကနေ အလုပ်လုပ်ဖို့၊ မဖြစ်မနေ သွားဖို့လိုအပ်တယ်ဆိုရင် ကျန်းမာရေး စည်းမျဉ်းနဲ့အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ဆောင်ရွက်ဖို့ ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တွေမှာ စက်တင်ဘာလ ၂၁ ရက်နေ့စကပြီး အိမ်မှာပဲနေဖို့ အမိန့် ထုတ်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ စက်သုံးဆီ၊ စားသောက်ကုန်၊ ဆေးဝါးဖြန့်ဖြူးရေး၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရေး နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကတော့ အပြင်ထွက်ပြီး အလုပ်လုပ်နိုင်ကြောင်း အဲဒီအမိန့်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။