ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
2011.06.04

မစ္စတာ ဂျွန်မက်ကိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲလျက် ပုံတွေကို ထည့်ခွင့်မရဘူးလို့ စာနယ်ဇင်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အောင်ဆန်းစုကြည်ရဲ့ ပုံတွေ သတင်းတွေ မဖော်ပြရဘူး သိလား။ ဂျွန်မက်ကိန်းနဲ့ အောင်ဆန်းစုကြည် ပုံတွေ ရိုက်ထားတာ အများကြီးပဲ၊ လှလည်း လှတယ်။ အဲဒါ ဘယ်ဂျာနယ်မှာမှ မထည့်ရဘူး။ ဂျွန်မက်ကိန်းကိုပဲ ထည့်တဲ့။ ဒေါ်စု ပါရင် ထည့်လို့ကို မရဘူး။ ဒေါ်စု မပါဘဲနဲ့ ဂျွန်မက်ကိန်း တယောက်တည်းကိုပဲ ထည့်လို့ရှိရင် ထည့်၊ ဒေါ်အောင်ဆန်းစုကြည် ပါလို့ရှိရင် မထည့်နဲ့၊ ဒါပဲပြောတယ် သူတို့က”
တချို့ သတင်းဂျာနယ်တွေကတော့ စာပေစိစစ်ရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာမက်ကိန်း တွေ့ဆုံတဲ့ သတင်းတွေ တင်ထားပြီး ဖော်ပြခွင့်ရ မရ မသိရသေးဘူးလို့ ဂျာနယ်တစောင်က ပြောပါတယ်။ ဒီနေ့ ထွက်တဲ့ Favorite ၊The Voice နဲ့ NewsWatch စာစောင်တွေမှာတော့ မပါဘူးလို့ သိရပါတယ်။
ဈေးကွက်အရ သတင်းဂျာနယ်တွေ အားလုံး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြချင်ကြတယ်လို့လည်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar မြန်မာနိုင်ငံကို မေလမှာ ရောက်ခဲ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကို ဂျာနယ်တွေက မျက်နှာဖုံးသတင်း ဖော်ပြဖို့ စာပေစိစစ်ရေး တင်တဲ့အခါ ပုံကြီး တင်ခွင့်မပေးဘဲ ပုံအသေးပဲ တင်ခွင့် ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖော်ပြတဲ့အတွက် The Voice ဂျာနယ် အပါအဝင် စာစောင် ၉ စောင် ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံခဲ့ရပါတယ်။
အာဏာပိုင်တွေနဲ့ အလွမ်းသင့်တယ်လို့ အများက ပြောနေကြတဲ့ ဦးမြတ်ခိုင် အယ်ဒီတာချုပ် လုပ်တဲ့ လျှပ်တပြက် ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးသမားဟောင်းတွေအကြောင်း ဖော်ပြတဲ့အတွက် ရောင်းအား ကောင်းတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့နှစ် ၁၉၁၅ ကို ၁၉၁၃ ဆိုပြီး မှားယွင်း ဖော်ပြတာတွေ ရှိတယ်လို့ ဝါရင့် စာနယ်ဇင်းသမားတဦးက ထောက်ပြပါတယ်။