စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
2024.07.16

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့ အရှေ့ဘက်က စစ်ကောင်စီစခန်းချရာ ဗျူဟာကုန်းကနေ အတွဲလိုက်ဒုံးတွေနဲ့ ဇူလိုင်လ ၁၅ ရက်နေ့ညက ပစ်ခတ်ရာမှာ မိုးကုတ်မြို့ အနောက်ဘက် ကျပ်ပြင်အုပ်စု ပန်းမချယ်ရီရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်သေဆုံးပြီး ဒေသခံငါးဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့တာလို့ TNLA က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဖွားအိုတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ အဲဒီနေ့မှာပဲ ကျောက်မဲမြို့နယ် ရပ်ကွက် ၉ က အရပ်သား ၃ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
TNLA က လေးရက်ကြာအပစ်ရပ် ကြေညာထားအချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာလို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲ တိုက်ပွဲကာလ ၂၂ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆၉ ဦး သေဆုံးပြီး ၁၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်အစိုးရရဲ့ ညှိနှိုင်းပေးမှုနဲ့ "၁ဝ၂၇ စစ်ဆင်ရေး" ကို ယာယီအပစ်ရပ်ဖို့ ဟိုင်ဂင်သဘောတူညီချက်ကို ဇွန်လ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ ဇွန်လ ၂၅ ရက်နေ့ကစပြီး "၁၀၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေကို TNLA နဲ့ မဟာမိတ်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။