စစ်ကောင်စီတပ်က နှစ်ရက်အတွင်း အရပ်သားခြောက်ဆယ် ဖမ်းဆီးထားကြောင်း AA ပြော
2023.12.14
ရခိုင်ပြည်နယ် စစ်တွေနဲ့ မင်းပြားမြို့နယ်တွေမှာ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေက အပြစ်မဲ့အရပ်သား ခြောက်ဆယ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာလ ၁၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီထဲက ၅၃ ဦးကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ စစ်တွေမြို့ ကုလားတန်မြစ်ဝမှာ ရေတပ်သင်္ဘောက ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့ ခုနစ်ဦးကိုတော့ မင်းပြားမြို့နယ် ပန်းမြောင်းရွာအထက်က တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
စစ်တွေမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ သူတွေကိုတော့ စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခု ကျွန်တော်တို့ အမှတ် (၁) ရဲစခန်းမှာ စောင့်နေပါတယ်။ မနေ့ကလည်း ပြန်လွှတ်ပေးမလားလို့ စောင့်နေ တယ်။ တွေ့ခွင့်တော့ မရပါဘူး။ ထမင်းတွေတော့ ဝယ်ကျွေးလို့ရပါတယ်။ ရုံးတင်မယ်လို့လည်းကြားတယ်။ ဘာမှတော့ မထူးသေးပါဘူး။ ကျွန်တော်တို့ကတော့ ပြန်လွတ်လာဖို့ မျှော်နေပါတယ်”
ဖမ်းဆီးခံရသူတွေဟာ စက်လှေလုပ်သား၊ ကုန်သည်၊ စျေးသည်၊ ပညာရေးဝန်ထမ်း၊ ကျောင်းသားနဲ့ ကျပန်း လုပ်သားတွေ ဖြစ်ပြီး အမျိုးသမီး ဆယ်ဦးကျော်ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ ဒီဇင်ဘာ ၄ ရက်နေ့အထိ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဥပဒေမဲ့ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၃၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။