စစ်တပ်အုပ်ချုပ်နေသရွေ့ မြန်မာ့နိုင်ငံရေး စီးပွားရေးတိုးတက်မှာမဟုတ်ကြောင်း IRI ထုတ်ပြန်

RFA Burmese
2024.07.19
စစ်တပ်အုပ်ချုပ်နေသရွေ့ မြန်မာ့နိုင်ငံရေး စီးပွားရေးတိုးတက်မှာမဟုတ်ကြောင်း IRI ထုတ်ပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
RFA

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံဟာ လမ်းမှားရောက်သွားတယ်လို့ မြန်မာပြည်သူအများစုက ယုံကြည်နေကြပြီး ဒီမိုကရေစီအစိုးရပုံစံကို ပြန်သွားဖို့ လိုလားနေကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် International Republican Institute (IRI) အဖွဲ့က ကောက်ခံခဲ့တဲ့ စစ်တမ်းမှာ ဇူလိုင်လ ၁၉ ရက်က ဖော်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ မှားယွင်းတဲ့ လမ်းကြောင်းပေါ် ရောက်နေတယ်လို့ ယုံကြည်တဲ့အကြောင်း စစ်တမ်းဖြေဆိုသူ မြန်မာနိုင်ငံသား အားလုံးရဲ့ ၆၄ ရာခိုင်နှုန်းက ဖြေကြားခဲ့ကြပြီး ၂၄ ရာခိုင်နှုန်းကတော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ဖြေကြားခဲ့ပါတယ်။ စစ်တမ်းဖြေဆိုသူ အးလုံးရဲ့ ၆၈ ရာခိုင်နှုန်းက ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာအပေါ် မကောင်းမြင်တဲ့ သဘောထားရှိကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးသွားတာနဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုဟာ လက်ရှိဦးတည်နေတဲ့ လမ်းကြောင်းအပေါ် စိတ်ပျက်နေကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး အပ်ချုပ်နေသရွေ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေ တိုးတက်လာမှာ မဟုတ်ဘူးလို့လည်း ယုံကြည်နေကြပါတယ်လို့ IRI အဖွဲ့ရဲ့ အရှေ့တောင်အာရှဒေသ ညွှန်ကြားရေးမှုး ရွန်ဒါ မေက ဇူလိုင် ၁၉ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အဲဒီ စစ်တမ်းအရ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီပုံစံ အုပ်ချုပ်ရေးစနစ်ကို ပြန်သွားဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိနေကြပြီး ဒီမိုကရေစီစနစ်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်တယ်လို့ အရွယ်ရောက်ပြီးသူ မြန်မာပြည်သူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ယုံကြည်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတဲ့ ဖက်ဒရယ်ပုံစံအုပ်ချုပ်မှုစနစ်ဟာ အနာဂတ်မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်တယ်လို့လည်း ၅၇ ရာခိုင်နှုန်းက ယုံကြည်ကြကြောင်း ဖော်ပြပါတယ်။

ဒီစစ်တမ်းကရတဲ့ အချက်အလက်တွေအရ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီစနစ်အောက်မှာ နေချင်ကြပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှုတွေကို လက်ခံတဲ့ အစိုးရမျိုးသာ မြန်မာပြည်သူတွေအတွက် ရသင့်တဲ့ အနာဂတ်မျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ရွန်ဒါ မေက ကြေညာချက်မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။