စစ်ကောင်စီပစ်ခတ်တာကြောင့် ရေစကြိုက အရပ်သား နှစ်ဦးထက်မနည်း သေဆုံး

RFA Burmese
2024.08.20
စစ်ကောင်စီပစ်ခတ်တာကြောင့် ရေစကြိုက အရပ်သား နှစ်ဦးထက်မနည်း သေဆုံး မကွေးတိုင်း ရေစကြိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Yay Lal Kyun News

မကွေးတိုင်း ရေစကြိုမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရပ်သားတွေရှိတဲ့ ရပ်ကွက်ကျေးရွာထဲကို ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်လို့ အရပ်သားတွေ သေဆုံးခဲ့တာလို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက RFA ကို ပြောပါတယ်။

"သူတို့ဘက်က မြစ်အရှေ့ဘက်ကမ်းရွာတွေကို ပစ်တယ်၊ မြို့ထဲတွေကို လျှောက်ပစ်တယ်၊ အဲမှာ ပြည်သူလေးဦး သေဆုံးသွားတယ်လို့ ကြားရတယ်၊ နှစ်ဦးကိုတော့ အတည်ပြုနိုင်တယ်၊ ကျန်တဲ့နှစ်ဦးကိုတော့ အတည်မပြုနိုင်သေးဘူး၊ ထိခိုက်ဒဏ်ရာရတာတွေလည်း စိတ်မကောင်းစွာနဲ့ ကျွန်တော်ကြားသိရပါတယ်"

ဩဂုတ်လ ၂၀ ရက်နေ့က ရေစကြိုမြို့လယ်မှာရှိတဲ့ အထက (၁) စာသင်ကျောင်းအနီးမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားလေးဦးကို ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားလေးဦးစလုံးသေဆုံးခဲ့သလို လက်နက်တွေကောက်ယူဖို့ ကြိုးစားရာမှာ ရုံးပေါင်းစုံဂိတ်နဲ့ စိုက်ပျိုးရေးရုံးအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်လည် ပစ်ခတ်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

နောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ ဆုတ်သွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်သလို အရပ်သားတွေရှိတဲ့ ရွာတွေနဲ့ မြို့ထဲကိုပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ ထိမှန်သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီပစ်ခတ်လို့ အရပ်သားတွေ သေဆုံးခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

Myingyan Black Tiger (MBT)၊ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနဲ့ အတူ Southern YSO PDF၊ People's Security Force-Yesagyo၊TPG မြို့ပြပျောက်ကြားတပ်ဖွဲ့တွေက ရေစကြိုမြို့ထဲက စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့လည်း ရေးသားထားပါတယ်။

ပြီးခဲတဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်သုံ့ပန်း ခုနစ်ဦး ဖမ်းဆီးခဲ့တယ်လို့လည်း Myingyan Black Tiger (MBT) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။