ကော့ကရိတ် ဆံဖလားရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲ
2023.06.06
စစ်ကောင်စီလေတပ်က ကော့ကရိတ်မြို့နယ် ခုဒုံကျေးရွာအုပ်စု ဆံဖလားရွာကို ဇွန်လ ၆ ရက် မနက် ၂ နာရီလောက်က ဗုံးကြဲခဲ့တဲ့အတွက် မူလတန်းကျောင်း တစ်ကျောင်း၊ အိမ် လေးလုံးပျက်စီးခဲ့တယ်လို့ KNLA ပူးပေါင်းတပ် တာဝန်ရှိသူတွေက ပြောပါတယ်။
“ဒီရက်ထဲတိုက်ပွဲတော့မရှိဘူး၊ လက်နက်ကြီးလည်းမပစ်ဘူး။ လေယာဉ်က ညက နှစ်နာရီ နီးနီးပေါ့ ဗုံးကြီးကြဲချတယ်။ ခုဒုံကျေးရွာနားက ဆံဖလားရွာ စာသင်ကျောင်းကိုကြဲချသွားတာ ကလပ်စတာ ဗုံးနှစ်လုံးတဲ့၊ ကြားတယ်၊ ကျောင်းဆောင်ပျက်စီးတယ်၊ လူနေအိမ် လေးလုံး အစတွေမှန်တယ်၊ သီးပင် စားပင်တွေထိတယ်၊ လူတော့အထိအခိုက်မရှိဘူး။ ကျောင်းဖွင့်ထားချိန် နေ့ဘက်သာကျလို့ကတော့ စာသင်နေတဲ့ ကလေးတွေအတွက် မတွေးရဲဘူး၊ အခု ဗုံးခွံတွေတော့ကောက်သိမ်းနေတယ်” လို့ ကော့ကရိတ် KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူက အတည်ပြုပြောပါတယ်။
မနက် ၉ နာရီလောက်မှာတော့ ကော့ကရိတ်မြို့မြောက်ဘက် ခနိမ်းမူရပ်ကွက်နားမှာ KNLA ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီတပ်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်က လက်နက်ကြီးနဲ့ နေ့လယ် ၁၂နာရီအထိ ပစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ကော့ကရိတ်မြို့နယ်ထဲကို လေတပ်ကဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်လို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။
ဇွန်လ ၅ ရက် မနက် နှစ်နာရီလောက်ကလည်း ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူလမ်းပိုင်းက အနန်းကွင်းရွာနဲ့ တညင်ရွာကြားကို လေတပ်က ပေါင် ၅၀၀ ဗုံးကြီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အထိအခိုက် အပျက်အစီးတော့မသိရသေးပါဘူး။
KNU တပ်မဟာ ၆ နယ်မြေထဲက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဝေါ်လေ၊ ကျုံဒိုးနဲ့ ဘုရားသုံးဆူဘက်မှာ KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာနေပြီး ကင်းထောက်လေယာဉ်တွေ နေ့တိုင်း ပျံနေတယ်လို့သိရ ပါတယ်။
ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၁၂) နားက ရွာချင်းဆက်လမ်းပိုင်း သုံးခု ကိုလည်း မေလ ၂ ရက်မှာ စစ်ကောင်စီတပ်က ဖျက်ဆီးထားတယ်လို့ KNLA ဆေးတပ် တာဝန်ရှိသူက ပြောပါတယ်။
KNU တပ်မဟာ ၆ နယ်မြေမှာ ဧပြီလနဲ့ မေလအတွင်း လေတပ်က ၃၁ ကြိမ်ဗုံးကြဲခဲ့ပြီး၊ ကြည်းတပ်က ၁၈၄ ကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်း သုံးကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း၊ ဆေးပေးခန်း နှစ်ခန်း၊ အိမ်ပေါင်း (၃၈၇) လုံး ပျက်စီးခဲ့သလို၊ ထွက်ပြေးတိမ်းရှောင်ရတဲ့သူ ၂၃၀၂၁ ဦးအထိရှိတယ်လို့ KNU ကထုတ်ပြန်ထားပါ တယ်။