သဘာဝဘေးအကြောင်းပြ အမြတ်ထုတ်လေ့ရှိတဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ကုလကို NUG တောင်းဆို
2024.09.20

မြန်မာမှာ အရင်တုန်းက သဘာဝဘေးကြုံခဲ့တိုင်း နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက အမြတ်ထုတ်အလွဲသုံးစား လုပ်လေ့ရှိတာကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက စက်တင်ဘာ ၁၉ ရက်နေ့က နိုင်ငံတကာသံတမန်တွေကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂအဆောက်အဦမှာ ကျင်းပတဲ့ သံတမန်ရေးရာဆွေးနွေးပွဲမှာ ဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ မုန်တိုင်းကြောင့် ရေဘေးသင့်ပြည်သူတွေအကြောင်း ဦးအောင်မျိုးမင်းက သံတမန်တွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
NUG အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးတွေကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပေမဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု အထူးလိုအပ်နေကြောင်းလည်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာမှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ခွဲကျော်အတွင်း အရပ်သား ငါးထောင်ကျော်သေဆုံးခဲ့ပြီး ၃.၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်ဆိုတဲ့ စက်တင်ဘာ ၁၇ ရက်က ထုတ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာကို ထောက်ခံကြောင်းနဲ့ အစီရင်ခံစာပါ NUG အနေနဲ့ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို လုပ်သွားမယ်လို့လည်း ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တွေ့ဆုံပွဲကို Luxembourg သံရုံးက ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ သံတမန်တွေ၊ ကုလသမဂ္ဂရုံးတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။