ချင်း၊ စစ်ကိုင်း၊ မကွေးမှာ PDF တွေကို နှိမ်နင်းဖို့ စစ်ကောင်စီ အင်အားဖြည့်တင်းနေ

2021.10.03
ချင်း၊ စစ်ကိုင်း၊ မကွေးမှာ PDF တွေကို နှိမ်နင်းဖို့ စစ်ကောင်စီ အင်အားဖြည့်တင်းနေ ချင်းပြည်နယ် မင်းတပ်မြို့တွင် ၂၀၂၁ ဧပြီ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
Photo: Photo: Chin Human Rights Organization

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်၊ သတင်းအမှောင်ချထားပြီး အဲဒီ ဒေသတွေမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ထိုးစစ်ဆင် ချေမှုန်းဖို့ စစ်သားအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေနဲ့ တပ်တွင်း သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။

ဒီဒေသတွေမှာ စစ်ကောင်စီနဲ့ PDF တွေ အများဆုံး တိုက်ပွဲဖြစ်နေတာမို့ နယ်မြေရှင်းလင်းရေး စီမံချက်နဲ့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းနေတာလို့ ဆိုပါတယ်။

ချင်းပြည်နယ်ထဲမှာတော့ ဟားခါး၊ မင်းတပ်၊ မတူပီ စတဲ့မြို့နယ်တွေမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေတာလို့ မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အင်အားဖြည့်တာတော့ ချင်းဘက်မှာ ကျနော်တို့သိသလောက်တော့ ဟားခါးဘက် မတူပီဘက်ကို အင်အားဖြည့်တယ်ကြားတယ်။ ကျနော်တို့ဒီဘက် မင်းတပ်ကိုတော့ လေယာဉ်တွေ ပျံပျံသွားနေတာပဲ။ လေယာဉ်တွေကတော့ ခဏခဏပဲ။ ဆမီးဘက်ကို သွားတယ်ထင်တယ်။ ကျောက်ထုမှာလည်း အင် အားတွေ ဖြည့်တယ်။ ကျောက်ထုဖြည့်တယ်ဆိုတာ မင်းတပ်ကိုဖြည့်တာပဲလို့ ပြောလို့ရတယ်။ ဘာလို့ဆို ကျောက်ထုနဲ့ မင်းတပ်နဲ့က ၁၈ မိုင်ပဲ ဝေးတာကိုး။ ကျောက်ထုမှာ အင်အားတွေ ဖြည့်နေတယ်။ ဟားခါး ဘက်မှာလည်း ဖြည့်တယ်ကြားတယ်”

ချင်းပြည်နယ် မတူပီမြို့နယ်ထဲကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် မကွေးတိုင်း ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်ထဲ အခြေစိုက်တပ်တွေက စစ်သည်အင်အား ရာနဲ့ချီ ရွှေ့ပြောင်းထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက သိရပါတယ်။

အဲဒီလို ရွှေ့ပြောင်းတဲ့အခါမှာလည်း စစ်သားတွေရဲ့ မိသားစုဝင်တွေကိုပါ အတူရွှေ့ပြောင်းစေခဲ့တာကြောင့် ရှေ့တန်းမှာ စစ်သားတွေ CDM လုပ်ပြီး ထွက်ပြေးလို့မရအောင် ချုပ်ကိုင်ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်ထဲက အခြေချစစ်ဗျူဟာ (မတူပီ) ဌာနချုပ်ကို သံချပ်ကာ ကားတွေနဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ မိုင် ၃၀ လောက် အကွာအဝေးထိ ပစ်ခတ်နိုင်တဲ့ ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီးတွေ အခုရက်ပိုင်း ပို့ဆောင်ဖို့ လုပ်နေတယ်လို့လည်း တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးတိုင်း ဂန့်ဂေါနယ်ထဲက တပ်ရင်းတပ်ဖွဲ့တွေကိုလည်း သံချပ်ကာ ကားတွေ၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပို့ဖို့လုပ်နေတယ်လို့လည်း ဆိုပါတယ်။

အခုလို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ ဖုန်းဆက် ခဲ့ပေမယ့် ဖြေကြားခြင်းမရှိပါဘူး။

မကွေးတိုင်း ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်တွေ လှုပ်ရှားသွားလာနေကြပြီး ရွာတချို့ကို ဝင်ရောက်စီးနင်း ပစ်ခတ်တာ၊ အိမ်တွေကို မီးရှို့တာတွေကြောင့် ရွာသားအများအပြား ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကားလမ်းဘေး တစ်လျှောက်ကတော့ စစ်ကားတွေက အဲဒီလိုမျိုး စစ်ကားတွေနဲ့ သွားနေတယ်။ လမ်းကလည်း မဖွင့်ပေးသေးတော့ သူတို့ဟာနဲ့သူတို့ပဲ မောင်းနေကြတယ်။ ကုန်ကားသမားတွေကို ချောဆွဲတဲ့ ပုံစံမျိုးနဲ့ ဆွဲပြီးတော့မှ အကာကွယ်ယူပြီး သွားနေတဲ့အတွက် ဘယ်လိုမှ အိမ်တွေကို မပြန် ရကြသေးဘူး။ အဓိကတော့ အခက်အခဲ တွေက ဓာတ်ဆီဈေးတွေလည်း တက်တယ်။ စားနပ်ရိက္ခာတွေက အရမ်း ဈေးတက်တာတွေရော နောက်ပြီးတော့ ရွာထဲမှာက ဒလံကြောက်ရတာရော ပျူစောထီး ကြောက်ရ တဲ့အတွက်ကြောင့် ရွာထဲတွေလည်း မဝင်ရဲကြသေးဘူး အခုချိန်ထိ တောထဲကို ရောက်နေတယ် ဆိုရင် တောင်မှ အဲတာတွေမြင်ရင် ပြေးနေကြလွှားနေကြရတာပဲ။ ကြောက်ကြောက်လန့်လန့်နဲ့ နေနေရတယ်”

အလားတူ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်အင်အားတွေ ဖြည့်တင်းနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုနှိမ်နင်းဖို့ အောက်တိုဘာလထဲမှာ စစ်ဆင်ရေးကြီး တစ်ခု လုပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း ခင်ဦးမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ နယ်တစ်ကျောမှာဆိုရင် စစ်အင်အားက နဂိုက ရဲ ငါးဆယ်၊ စစ်သား ငါးဆယ်ရှိတယ်ဆိုရင် စစ်သားတစ်ရာ ထပ်တိုးတယ်။ နှစ်ဆပေါ့။ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ။ နဂိုက ငါးဆယ်ရှိရင် နောက် ထပ် ငါးဆယ်တိုးတယ် တစ်ရာ။ အင်အားတိုးထားတာက သုံးလေးရက်ရှိပြီပေါ့။ အောက်တိုဘာ ၉ ရက်နေ့ ကနေစပြီး အကုန်လုံးဖြတ်ပြီး အကုန် စစ်ဆင်ရေးစမယ်ပေါ့။ ကောလင်းခရိုင် ကသာခရိုင်မှာက KIA ‌ေတွနဲ့ တိုက်နေပြီပေါ့ဗျာ။ အခုအဲဒီမှာ တိုက်နေပြီဆိုတော့ သူတို့က အဲဒီဘက်မှာ မထိန်းချုပ်နိုင်ရင်တောင်မှ ဒီဘက်ကို ကူးမလာအောင်ဆိုပြီး ဒီဘက်ကိုကြိုပြီး နှိမ်နင်းတဲ့သဘောလည်းရှိတယ်”

စစ်ကောင်စီက ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အများအပြားကို အင်တာနက်တွေ ဖြတ်တောက်ထားပြီး သတင်းအချက်အလက် အမှောင်ချထားတာဟာ အဲဒီနယ်တွေကို ဖိဖိစီးစီး နှိမ်နင်းဖို့ ပြင်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။